ဆိုက်ဘာလုံခြံုရေး တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများ လေးရက်ကြာ ဆွေးနွေး

ဆိုက်ဘာလုံခြံုရေး တရုတ်နှင့် အမေရိကန် တာဝန်ရှိသူများ လေးရက်ကြာ ဆွေးနွေး

တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သို့ ယခုလနှောင်းပိုင်းတွင် လာရောက်ရန်ရှိရာ ယင်းမတိုင်မီ ဆိုက်ဘာလုံခြုံရေးအပါအဝင် အခြားသောကိစ္စရပ်များအတွက် အမေရိကန်နှင့် တရုတ်အကြီးတန်း အရာရှိများ၏ လေးရက်တာ ဆွေးနွေးခဲ့ကြရာ စက်တင်ဘာ ၁၂ ရက်တွင် အစည်းအဝေး ဆွေးနွေးပွဲ ပြီးစီးကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

တရုတ်ဟက်ကာများက အမေရိကန်သို့ ကွန်ပြူတာဖောက်ထွင်းမှုများလုပ်ဆောင်သည်ဟု အမေရိကန်က စွပ်စွဲထားမှုကို တရုတ်က ငြင်းပယ်ထားပြီး ထိုသို့သော ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များနှင့် ပတ်သက်ကာ နှစ်နိုင်ငံကြား သဘောကွဲလွဲမှုများက ရှိထားသည်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူစန်ရိုက်က တရုတ်ကွန်မြူနစ်ပါတီမှ ဗဟိုနိုင်ငံရေးနှင့် တရားရေးရာကော်မရှင် အတွင်းဝန် မန်ကျိကျူနှင့် တွေ့ဆုံကာ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များအပေါ် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့က အက်ဖ်ဘီအိုင်ညွန်ကြားရေးမှူး ဂျိမ်းကိုမေးနှင့် တရားရေး၊ ပြည်နယ်ဆိုင်ရာနှင့် ဘဏ္ဍာရေးဌာနများနှင့် ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်းက တာဝန်ရှိ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝါရှင်တန်တွင် ပြီးခဲ့သည့်လအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် ပြုမှုလုပ်ဆောင်ပုံများနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာရှိနေကြောင်းကို သမ္မတ အိုဘားမားက ပြောဆိုခဲ့သည်။

အမေရိကန်၏ အကျိုးအမြတ်များအပေါ် ပစ်မှတ်ထားကာ ဆိုက်ဘာတိုက်ခိုက်မှုများအတွက် တရုတ်နိုင်ငံနှင့် ကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ကျင့်သုံးသွားရေးအတွက် အိုဘားမားအစိုးရက သုံးသပ်လျက်ရှိနေကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ချို့က ပြောကြသည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly