အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်မှ အလိုရှိနေသရွေ့ ချယ်လ်ဆီးနည်းပြအဖြစ် ရှိနေမည်ဟု မော်ရင်ဟို ပြော

အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်မှ အလိုရှိနေသရွေ့ ချယ်လ်ဆီးနည်းပြအဖြစ် ရှိနေမည်ဟု မော်ရင်ဟို ပြော

လန်ဒန်၊ သြဂုတ် ၁၂ ။           ။ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်မှ အလိုရှိနေသရွေ့ ချယ်လ်ဆီးအသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်းနှင့် ရလဒ်များဆိုးရွားနေမှုကြောင့် ရာထူးမှ နုတ်ထွက်သွားမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သော်လည်း ယခုနှစ်ရာသီအစ လေးပွဲတွင် တစ်ပွဲသာနိုင်ပြီး နှစ်ပွဲရှုံးကာ တစ်ပွဲသရေကျထားသည်။ အဆင့် ၁၃ တွင်ရပ်တည်နေသောကြောင့် မော်ရင်ဟိုရာထူးမှ နုတ်ထွက်တော့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကို စပါရှယ်ဝမ်းက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မော်ရင်ဟိုက 'အသင်းက ကျွန်တော့်ကို မဖြုတ်သရွေ့ ရာထူးက နုတ်ထွက်သွားမှာ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်ကို ပြန်ကြည့်လိုက်ပါ။ အဲ့ဒီတုန်းက စပိန် ဒါမှမဟုတ် အီတလီကို သွားဖို့ စိတ်ကူးရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ဒီလိုဆန္ဒမျိုးမရှိတော့ပါဘူး။ ကျွန်တော် စပိန်နဲ့ အီတလီမှာ နေခဲ့ပြီးပါပြီ။ အခု ဒီနေရာမှာပဲ နေချင်ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက အေဗရာမိုဗစ်ချ်ကို ခင်ဗျားတို့ ဘောလုံးအကြောင်းသွားပြောရင် သူသိတာက နည်းပြရေနီယာရီနဲ့ မော်ရင်ဟိုပါပဲ။ လက်ရှိအချိန်မှာတော့ သူဘောလုံးအကြောင်းကို အများကြီး နားလည် သိရှိသွားပါပြီ။ ဒါက အလွန်ကို ကွဲပြားခြားနားပါတယ်' ဟု ပြောသည်။

ထို့အပြင်မော်ရင်ဟိုက ချယ်လ်ဆီးနှင့် စာချုပ်သစ်ချုပ်ဆိုထားပြီး လေးနှစ်သက်တမ်း ကျန်ရှိနေသေးသည့်အကြောင်းကို ပြောဆိုသည်။

'ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းက ၂ နှစ်ပွဲ ကျန်ပါတယ်။ အခုတော့ လေးနှစ်ဖြစ်သွားပါပြီ။ ဒီအခြေအနေနှစ်ခုက မတူပါဘူး။ ကျွန်တော် နောက်တစ်ခေါက်ထပ်ပြော ပါမယ်။ မစ္စတာအေဗရာမိုဗစ်ချ်က အလိုရှိနေသရွေ့ ကျွန်တော်ချယ်လ်ဆီးမှာ ဆက်ရှိနေမှာပါ' ဟု မော်ရင်ဟိုက ပြောသည်။

Ref: Daily Star

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly