ရန်ကုန်၊ စက်တင်ဘာ ၁၁ ။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ ပွဲကစားပြီးချိန်တွင် တန်းဆင်းဇုန် အန္တရာယ်ရှိနေသော အသင်း ခုနစ်သင်းအထိ ရှိနေပြီး စက်တင်ဘာ ၁၂၊ ၁၃ ရက်များတွင် ကစားမည့် ပွဲစဉ် ၁၇ တွင်လည်း အဆိုပါ တန်းဆင်းဇုန် အန္တရာယ်ရှိနေသော အသင်းများမှာ အမှတ်ရရှိရန် ရုန်းကန်ရဖွယ် ရှိနေသည်။
အစောပိုင်းက သြဂုတ် ၂၂၊ ၂၃ ရက်များတွင် ကစားရန် စီစဉ်ခဲ့သော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ပွဲစဉ်များကို မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစမ်းပွဲနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ ကစားရန် ရှိခဲ့သဖြင့် စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်များသို့ ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်တွင် အမှတ်ပေးဇယားကို ရန်ကုန်အသင်းက ရမှတ် ၄၃ မှတ် ဖြင့် ဦးဆောင်နေပြီး အမှတ် ပေးဇယား အဆင့် ၆ မှ အဆင့် ၁၂ အတွင်း ရောက်ရှိနေသော အသင်းများမှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေသည်။
ပွဲစဉ် ၁၇ တွင် ဇေယျာရွှေမြေအသင်းနှင့် ဇွဲကပင်အသင်း၊ ချင်းယူနိုက်တက် အသင်းနှင့် ဟံသာဝတီအသင်း၊ ဧရာဝတီအသင်းနှင့် နေပြည်တော်အသင်း၊ ကမ္ဘောဇအသင်းနှင့် မနောမြေအသင်း၊ မကွေးအသင်းနှင့် ရတနာပုံအသင်း၊ ရခိုင်ယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်း တို့ ကစားကြမည် ဖြစ်သည်။ စက်တင်ဘာ ၁၂ ရက်တွင် ကစားမည့် ဇေယျာရွှေမြေအသင်းနှင့် ဇွဲက ပင်အသင်း၊ ချင်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ အသင်းတို့မှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေ သည့် အသင်းအချင်းချင်း ထိပ်တိုက် တွေ့ဆုံနေခြင်း ဖြစ်သည်။
အလားတူ တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့် မနောမြေအသင်းမှာ အဆင့် ၅ နေရာမှ ကမ္ဘောဇအသင်းနှင့် အဝေးကွင်းတွင် သွားရောက် ကစားရမည်ဖြစ်ပြီး ရခိုင်ယူနိုက်တက်အသင်း မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ပွဲကျပ် ကစားရမည် ဖြစ်သည်။ ထို့ကြောင့် ပွဲစဉ် ၁၇ တွင် တန်းဆင်းဇုန် အန္တရာယ်ရှိနေသော အသင်းများသည် အမှတ်ရရှိရန် ရုန်းကန်ရဖွယ် ရှိနေသည်။
ထို့အပြင် လက်ရှိချန်ပီယံ ရတနာပုံ အသင်းမှာလည်း အဆင့် ၂ နေရာမှ မကွေးအသင်းနှင့် ကစားရမည် ဖြစ်သောကြောင့် အမှတ်ရရှိရန် ရုန်းကန်ရဖွယ် ရှိနေသည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၇ ပွဲစဉ်များ |
---|
၁၂ - ၉ - ၂၀၁၅ | ဇေယျာရွှေမြေ | - | ဇွဲကပင် | (ညနေ ၃း၃၀) မုံရွာ |
၁၂ - ၉ - ၂၀၁၅ | ချင်းယူနိုက်တက် | - | ဟံသာဝတီ | (ညနေ ၄း၀၀) သုဝဏ္ဏ |
၁၂ - ၉ - ၂၀၁၅ | ဧရာဝတီ | - | နေပြည်တော် | (ညနေ ၃း၃၀) ဧရာဝတီ |
၁၃ - ၉ - ၂၀၁၅ | ကမ္ဘောဇ | - | မနောမြေ | (ညနေ ၃း၃၀) တောင်ကြီး |
၁၃ - ၉ - ၂၀၁၅ | မကွေး | - | ရတနာပုံ | (ညနေ ၄း၀၀) သုဝဏ္ဏ |
၁၃ - ၉ - ၂၀၁၅ | ရခိုင်ယူနိုက်တက် | - | ရန်ကုန် | (ညနေ ၄း၀၀) အောင်ဆန်း |