မဲရလိုစိတ်နဲ့ ပြည်သူကို မလှည့်စားနဲ့

မဲရလိုစိတ်နဲ့ ပြည်သူကို မလှည့်စားနဲ့

နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က မဲဆွယ်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။ နိုဝင်ဘာ ၈ ရက် မတိုင်ခင် မဲဆွယ်ခွင့် ရမည်ဖြစ်ရာနှစ်လ တာအတွင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများသာမက ရွေးကောက်ပွဲဝင် အမတ်လောင်းများ ပါ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးနေကြပြီ ဖြစ်သည်။

ပါတီများက မိမိတို့ပါတီ၏ မူဝါဒနှင့် လမ်းစဉ်များ၊ ကတိကဝတ်များကို ပြည်သူလူထုထံ ချပြ စည်းရုံးနေကြကဲ့သို့ အမတ်လောင်းများသည်လည်း မိမိတို့ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ပြည်သူ လူထုထံ မဲဆွယ် စည်းရုံးနေကြသည်။

သို့သော် ထောက်ပြပြောဆိုလိုသည်မှာ မစားရ ဝခမန်း မပြောဆိုကြရန် သတိပေးလိုပါသည်။ ပြည်သူလူထုသည် မိမိတို့ ယုံကြည်အားကိုးရာ ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်းများကို မိမိတို့၏ အသည်းကြားမှ မဲတစ်ပြားဖြင့် ထောက်ခံကြမည်ဖြစ်ရာ ပြည်သူလူထု၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို အလေးထားကြရန် လိုပါသည်။

မဲဆွယ် စည်းရုံးစဉ်ကာလအတွင်း နယ်တကာ လှည့်ကာ မျက်နှာပြ၊ ကတိများပေးပြီး လွှတ်တော်တွင်း ရောက်ရှိသွားသည့်အခါ မိမိတို့ မဲဆန္ဒနယ်ကိုပင် ပြန်မရောက်တော့သည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိနေသည်ကို လွန်ခဲ့သည့် ငါးနှစ်နီးပါး ကာလအတွင်း ပြည်သူအများ သိရှိပြီးသား ဖြစ်သည်။

မိမိတို့ မဲဆန္ဒနယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရမည်၊ ပြည်သူလူထု၏ လိုအပ် ချက်နှင့် အသံများ နားထောင်ကာ ဖြည့်ဆည်းပေးရမည့် ဝတ္တရားရှိနေသည်ကို မည်သူတို့ မသိကျွိုးကျွံ ပြုနေ ခဲ့သည်ကို ပြည်သူများ ကောင်းကောင်း နားလည် သဘောပေါက်ပြီး ဖြစ်ပါသည်။

ပြည်သူ၏ ဆန္ဒကို အကောင်အထည်ဖော်ရန်၊ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံရသော ကိုယ်စားလှယ်များ၏ အလုပ်သည် ပြည်သူ့အကျိုးထမ်းရွက်ရန် မှတစ်ပါး အခြားမရှိသည်ကိုလည်း ကိုယ်စားလှယ်လောင်းများ သာမက လွှတ်တော် ကိုယ်စား လှယ်များ သဘောပေါက်ကြရန် လိုပါသည်။

တစ်ဆက်တည်းတွင် ဒေသအကျိုးပြုမည်ဆိုသည့် ကတိကဝတ်များဖြင့် ရေရှည်အတွက် မကြည့်ဘဲ ရေတို မဲရလဒ်ကိုသာ မျှော်မှန်းပြီး ပြောဆို စည်းရုံးကြသည့် အပြုအမူနှင့် လုပ်ဆောင်ချက် များကိုလည်း အမတ်တို့ သို့မဟုတ် ကိုယ်စားလှယ်လောင်းတို့ ရှောင်ကြရန် လိုပါသည်။

ပြီးခဲ့သည့် နှစ်များအတွင်း ဤကိုယ်စားလှယ်များသည် မည်သို့ မည်ပုံ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ခဲ့သည် ထိုကိုယ်စားလှယ်များသည် မည်သို့မည်ပုံ လုပ်ဆောင်ခဲ့သည်ကို မဲဆန္ဒရှင်များ သိရှိပြီးဖြစ် ပါသည်။ ထို့အတွက် စကားအရာဖြင့် မိမိတို့၏ မဲဆန္ဒရှင်များကို မလှည့်စားသင့်ကြပါ။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦး၏ မဲဆန္ဒနယ်အတွင်း ပြည်သူလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်နေစဉ် မည်သို့မည်ပုံ တိုးတက်လာသည်၊ မည်သို့မည်ပုံ ဖြစ်နေသည်ကို တိုင်းတာရုံဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။ အလားတူ လွှတ်တော်အတွင်း စွမ်းဆောင်ရည်များဖြင့်လည်း အကဲ ဖြတ်နိုင်ပါသည်။

လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း လွှတ်တော်အတွင်း မေးခွန်းနှင့် အဆို၊ ဆွေးနွေးမှု၊ ဒေသလိုအပ်ချက် တင်တောင်းခံမှု လက်တစ်ချောင်းပင် ရေတွက်၍ မပြည့်သည့် လုပ်ဆောင်မှုမျိုး လုပ်ဆောင်ခဲ့ ကြသည့် လွှတ်တော်အမတ်များလည်း ရှိခဲ့သည်။

မိမိ၏ အဓိက တာဝန်သည် ပြည်သူ့အကျိုး ထမ်းရွက်ရန် ဖြစ်သည်ဟူသည့် အချက်ကို မေ့လျော့နေကြပြီး မိမိ၏ တာဝန်မဟုတ်ဟု ယူဆပါက ရွေးကောက်ပွဲဝင်ရန် မသင့်သကဲ့သို့ မဲဆွယ် စည်းရုံးစဉ် အကျိုးမရှိသည့် ကတိစကားများကို ပြောရန်လည်း မသင့်ပါ။

အကောင်းဆုံး သာဓကအဖြစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ တစ်နံတစ်လျား ဖြစ်ပေါ်ခဲ့သည့် ရေကြီး ရေလျှံမှုများတွင် မည်သည့် လွှတ်တော်အမတ်များ အရေးတယူ လုပ်ဆောင်ခဲ့ပါသလဲ။ လူမှု အဖွဲ့အစည်းများသည်ပင် ယင်းတို့၏ တာဝန်များကို ကျေပွန်စွာ ကူညီ ထမ်းဆောင်ခဲ့ကြပါလျက် လွှတ်တော်အမတ်တို့၏ လုပ်ဆောင်ချက်များ အဘယ့်ကြောင့် မှေးမှိန် နေကြပါသလဲ။

ရေဘေးသင့် ပြည်သူများကို ကူညီရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဟူသည့် အကြောင်းပြချက်ဖြင့် လွှတ်တော်ကို ခေတ္တနားစေခဲ့သော်လည်း မည်သည့်အမတ်များ ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်ခဲ့ပါသလဲ။ အဖြေသည် ရှင်းရှင်းလေးပင် ဖြစ်သည်။

သို့အတွက် လက်ရှိအမတ်များသာမက အမတ်လောင်းများ၊ သို့တည်းမဟုတ် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်များသည် မဲရလိုသည့် ဆန္ဒတစ်ခုတည်းဖြင့် ပြည်သူကို မလှည့်စားကြရန် လိုပါသည်။ ထပ်ပြောလိုသည်မှာ စစ်မှန်သည့် စေတနာ မည်သူ့ထံတွင် ရှိသည်ဆိုသည်ကို ပြည်သူအများ ကောင်းကောင်းသိ ကောင်းကောင်းနားလည် ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags