သမ္မတသတ်မှတ်သည့် အောက်တိုဘာ ပထမပတ်တွင် အပစ်ရပ်စာချုပ် ကေအိုင်အို လက်မှတ်မထိုးသေးဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌပြော

သမ္မတသတ်မှတ်သည့် အောက်တိုဘာ ပထမပတ်တွင် အပစ်ရပ်စာချုပ် ကေအိုင်အို လက်မှတ်မထိုးသေးဟု ကေအိုင်အို ဒု-ဥက္ကဋ္ဌပြော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရေး သမ္မတထံက တိကျသည့်အဖြေမရ၍ သမ္မတပြောထားသည့် အောက်တိုဘာ ပထမပတ်တွင် အပစ်ရပ်စာချုပ် ကေအိုင်အိုထိုးမည် မဟုတ်ဟု ကေအိုင်အို၏ ဒုတိယ ဥက္ကဌ အင်ဘန်လက စက်တင်ဘာ ၁၁ရက် ညက ရန်ကုန်မြို့ရှိ ကချင်နှစ်ခြင်း အသင်းတော်တွင် ကချင်လူထုနဲ့တွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

"ကေအိုင်အိုကနေ အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်လို့ ပြောထားတယ်။ အခုချိန်ထိ ဒီစကားက မပြောင်းဘူးပေါ့။ အခုလည်း မပြောင်းဘူး။ သမ္မတနဲ့ တွေ့ရင်လည်း အားလုံးပါဝင်ရေးကိုပဲ ချပြခဲ့တယ်။ အားလုံးပါဝင်ရမယ်ဆိုတာ အစိုးရ လက်မခံတဲ့အဖွဲ့တွေနဲ့လည်း တိုင်ပင်ရဦးမယ်။ ဘယ်လိုလုပ်ရင် ငါတို့ အဖြေကောင်း၊ ရလဒ်ကောင်း ရမယ်ဆိုတာ တိုင်ပင်ရဦးမယ်။ ဒါကြောင့်မို့ သမ္မတ သတ်မှတ်တဲ့ ရက် အောက်တိုဘာ ပထမပတ်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ငါတို့ကတော့ မလုပ်နိုင်ဘူး။ လက်မခံတာတော့ မဟုတ်ဘူး။ လက်မှတ်ထိုးရမယ်။

အပစ်အခတ်ရပ်စဲပြီးတော့ နိုင်ငံရေး ဆွေးနွေးရမယ်ဆိုတာကို နားည်ပြီးသားဖြစ်တယ်။ ဒါပေမယ့် ငါတို့က အဆင်သင့်မဖြစ်သေးဘူး။ သမ္မတ ပြောတဲ့ အချက်ကို မငြင်းဆန်ဘူး။ လက်ခံတယ်။ ကြိုဆိုတယ်။ ဒါပေမယ့် သမ္မတပြောတဲ့ ရက်စွဲမှာတော့ လက်မှတ်ထိုးနိုင်တဲ့ အနေအထား မရှိသေးဘူးဆိုတာကို မိဘပြည်သူတွေကို ပြောပြချင်ပါတယ်။ "ဟု အင်ဘန်လက ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို လက်ခံကြောင်း တိတိကျကျ မပြောသည့်အတွက် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာ၍ စိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။

"ဒီတခေါက် ရန်ကုန်လာတာ တကယ့်ထိပ်သီးတွေ လာတယ်ဆိုတော့ အားနာတယ်ဆိုပြီးတော့ မင်းတို့ အားလုံးပါဝင်တဲ့ လက်မှတ်ထိုးမယ်ဆိုပြီးတော့များ ပြောလာမလားဆိုပြီးတော့သွားတာ။ မပြောပါဘူး။ အစိုးရက။ အဲ့ဒီ့တော့ စိတ်မကောင်းဘူး။"ဟု အင်ဘန်လက ပြောသည်။

အစိုးရအနေဖြင့် အဖွဲ့ ၁၅ဖွဲ့ကို တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးရန် ကမ်းလှမ်းထားပြီး ကျန် ၆ဖွဲ့တွင် အပစ်မရပ်သေးသည့် ရခိုင်တပ်မတော် -AA၊  မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-MNDAA (ကိုးကန့်)၊ တအာင်း/ပလောင် လွတ်မြောက်ရေးတပ်မတော် (TNLA/PSLF)တို့ကိုမူ အခြားနည်းလမ်းဖြင့် စဉ်းစားရန် ဆုံးဖြတ်ထားသည်။

ရခိုင်တပ်မတော်၏ ဌာနချုပ်သည် ကေအိုင်အေနယ်မြေအတွင်း၌ အစပြုလာသည့်အတွက် ကေအိုင်အို အပစ်ရပ်လက်မှတ်ထိုးပါက အေအေပါ တပါတည်းပါဝင်မည်ဟု အစိုးရက လက်ခံထားသည်။ တအာင်းတပ်မတော်အတွက်မူ အစိုးရနှင့် နှစ်ဖက်သဘောတူညီမှုဖြင့် ထားကာ အပစ်ရပ်စာချုပ်တွေ လက်မှတ်ထိုးစေမည်ဟု ဆိုသည်။ ကိုးကန့်တပ်မတော်အတွက်မူ သမ္မတကိုယ်တိုင် ကိုင်တွယ်မည်ဟု ဆိုထားသည်။

ရခိုင်တပ်မတော်အပေါ် အစိုးရ ယခုကဲ့သို့ ဆုံးဖြတ်သည့်အပေါ် ကေအိုင်အို ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက "ဒါပေမယ့် ကျွန်တော်တို့က လုံးဝတာဝန်မယူနိုင်ဘူးလို့ သမ္မတကို လုံးဝငြင်းဆိုလိုက် တယ်။ အေအေကိစ္စကို မင်းတို့အထင်မသေးနဲ့ အေအေက အဖွဲ့အသေးလေး ဖြစ်ပေမယ့် ရခိုင်လူမျိုးကို၊ ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့အဖွဲ့ဖြစ်တယ်။ သူတို့အတွက်ကိုလည်း ကောင်းမွန်တဲ့ နည်းလမ်း နဲ့ ဖြေရှင်းပေးပါပေါ့"ဟု အစိုးရကို တိုက်တွန်းလိုက်သည်။ အလားတူ ကိုးကန့် နှင့် ပလောင်တပ်ကိစ္စကိုလည်း ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိုက်သည်။

"ကေအိုင်အိုအတွက် ဒါတွေကို ငါချန်ခဲ့မယ်ဆိုရင် တော်တော့်ကို စဉ်းစားရခက်တယ်။ ကိုယ့်အတွက် စဉ်းစားရတာ နည်းနည်း၊ တခြားအဖွဲ့တွေအတွက် စဉ်းစားရတာပိုများတယ်"ဟု အင်ဘန်လကဆို သည်။

သမ္မတ ကမ်းလှမ်းသည့် အောက်တိုဘာ ပထမအပတ်ကို တိုင်းရင်းသားခေါင်းဆောင်များက ခေါင်းညိတ်လက်ခံခဲ့ခြင်း မရှိသော်လည်း ခေါင်းဆောင်ငါးဦးတွင် တစ်ဦးမှာမူ ၎င်းတို့အဖွဲ့အနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု ပြောဆိုသည့်အတွက် အနှောက်အယှက်ဖြစ်ရသည်ဟု ၎င်းက ပြောသည်။

"အခုတချို့က မွန်၊ ကရင်၊ ကေအိုင်အို ခေါင်းမာနေတယ်ပေါ့။ အားလုံးမဟုတ်ဘူးဆိုရင် လက်မှတ်မထိုးဘူး ဆိုပြီး ခေါင်းမာနေတယ်ပေါ့။ ဒါပေမယ့် အဖွဲ့သေးသေးလေး မွစိမွစိတွေနဲ့ အမျိုးသားခေါင်းဆောင်ကြီး တစ်ယောက်ကတော့ ထိုးမယ်လို့ပဲ ပြောနေတယ်။ အဲ့တော့ ငါတို့ရဲ့ စည်းလုံးညီညွတ်မှုဟာ ပျက်သွားနိုင်တယ်။ ဒီတကြိမ်ပျက်သွားရင် ငါတို့ နောက်တကြိမ် စည်းလုံးနိုင်ပါ့မလား။ ဒါကြောင့်မို့လို့ တော်တော့်ကို စိတ်ရှုတ်ထွေးနေတယ်"

လာမည့် စက်တင်ဘာလ ၂၅ရက် နှင့် ၂၆ရက်တွင် သမ္မတ နှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်ကြီး ငါးဦးတို့ ဆွေးနွေးခဲ့သည့် ရလဒ်ကို နေပြည်တော်သို့ ပါမလာဘဲ ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် ဆွေးနွေးမည်ဟု ကေအိုင်အို၏ အတွင်းရေးမှူးချုပ် ဒေါက်တာ လဂျာက ပြောသည်။

"စက်တင်ဘာ ၂၅, ၂၆ ဝန်းကျင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံပြီး ပြန်ပြီး ဆွေးနွေးကြမယ်။ ဒီနေ့ဆိုရင် invitation letter တွေလည်း ပို့ပြီးသွားပြီ။"ဟု ဒေါက်တာ လဂျာက ပြောသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတနှင့် ဆွေးနွေးခဲ့သည့် ရလဒ်ကို ပြန်လည်ရှင်းပြခြင်း နှင့် အပစ်ရပ်စာချုပ်တွင် မပါသည့် အဖွဲ့များ သဘောထားများလည်း ရယူမည်ဖြစ်သည်။

ကေအိုင်အိုအနေဖြင့် အပစ်ရပ် လက်မှတ်ထိုးရေး၊ မထိုးရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေကို ရန်ကုန်ရှိကချင်လူထုအား စက်တင်ဘာ ၁၁ရက်က ရှင်းပြခဲ့ပြီး ကချင်လူထု၏ အကြံဉာဏ်များ၊ ဝေဖန် ထောက်ပြမှုများကိုလည်း တောင်းခံခဲ့သည်။ တက်ရောက်လာသူများထဲမှ ဝင်ရောက်ဆွေးနွေးသူများကမူ လက်မှတ်ရေးထိုးမှုကို အားမပေးဘဲ စောင့်ကြည့်စေ ချင်သေးကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly