မန်းတိုင်း လျှပ်စစ်ကော်ပိုရေးရှင်းတွင် တပ်အငြိမ်းစားများ ဝင်ရောက်တာဝန်ထမ်းမှု ဖဲကြိုးပြာ တပ်ဆင် ကန့်ကွက်

မန်းတိုင်း လျှပ်စစ်ကော်ပိုရေးရှင်းတွင် တပ်အငြိမ်းစားများ ဝင်ရောက်တာဝန်ထမ်းမှု ဖဲကြိုးပြာ တပ်ဆင် ကန့်ကွက်
လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတွင် တပ်မတော်အငြိမ်းစားများ ဝင်ရောက် တာဝန်ထမ်း လာသည့်အပေါ် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ လျှပ်စစ်အင်ဂျင်နီယာများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အောင်အောင်နိုင်)

မန္တလေး၊ စက်တင်ဘာ ၁၁။                   ။ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတွင် နည်းပညာပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၌  တပ်မတော်အငြိမ်းစားများ ဝင်ရောက် တာဝန်ထမ်း လာသည့်အပေါ် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ လျှပ်စစ်အင်ဂျင်နီယာများက စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကုသိုလ်တော် ဘုရားဝင်းအတွင်း၌ အပြာရောင် ဖဲကြိုးများ တပ်ဆင်၍ စတင်ကန့်ကွက်ကြသည်။

ထိုသို့ ကန့်ကွက်နေသော အင်ဂျင်နီယာများသည် မန္တလေး၊ မတ္တရာ၊ စဉ့်ကူး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ စဉ့်ကိုင်နှင့် အမရပူရမြို့နယ်တို့ရှိ လျှပ်စစ် ဓာတ်အားပေးခွဲရုံများမှ ဖြစ်သည်ဟု ကန့်ကွက်သူများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတွင် ဖွဲ့စည်းပုံ ပြောင်းလဲကာ တပ်မတော် အငြိမ်းစားများအား လျှပ်စစ် အင်ဂျင်နီယာများ၏ နေရာတွင် အစား ထိုးခြင်းနှင့် အင်ဂျင်နီယာများ အထက်တွင် ဝင်ရောက် စီမံဆောင်ရွက်မည်ကို လက်မခံ နိုင်ခြင်းကြောင့် မန္တလေးတိုင်း အတွင်းရှိ ဓာတ်အားပေး ခွဲရုံများမှ SAE၊ AE၊ EE တို့က ဖဲကြိုးပြာများ တပ်ဆင်ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု ကန့်ကွက်နေသော အင်ဂျင်နီယာ များက ဆိုသည်။

ကန့်ကွက်မှုတွင် ပါဝင်သည့် စဉ့်ကိုင်မြို့နယ်မှ အငယ်တန်းအင်ဂျင်နီယာ တစ်ဦးက “အရင်ကတည်းက တပ်မတော်ကနေ ပြောင်းလာတဲ့သူတွေ ရှိတယ်။ သူတို့က တခြား စီမံတို့ ဘဏ္ဍာရေးတို့လို အပိုင်းမှာပဲ တာဝန်ယူတယ်။ ဒါပေမယ့် အခုဖွဲ့စည်းပုံမှာ သူတို့ကို ရာထူးတိုးပေးပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်ရတဲ့  အင်ဂျင်နီယာတွေရဲ့ နေရာကို အစားထိုးတာတွေနဲ့ အထက်ကနေ ဝင်လာမယ်လို့ စာထွက် ထားပါတယ်။

“အဲဒီ နေရာတွေမှာ အင်ဂျင်နီယာတွေ ဝင်လာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြောစရာ မရှိပါဘူး။ အခုက လျှပ်စစ်ပိုင်းကို နားမလည်တဲ့သူတွေကို ငါးရက်လောက် သင်တန်းပေးပြီး ဝင်လုပ် စေမှာ ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ကန့်ကွက်ရခြင်း ဖြစ်တယ်။ ဒါတွေဟာ သာမန်ကြည့်မယ် ဆိုရင် တော့ ကျွန်တော်တို့ အင်ဂျင်နီယာတွေသာ ထိခိုက်တယ်ဆိုပေမယ့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင် သူတွေ မဟုတ်ဘဲ ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းကို စီမံခန့်ခွဲမှာ ဖြစ်တဲ့အတွက် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်လာပြီး လျှပ်စစ် အသုံးပြုတဲ့ ပြည်သူတွေ ထိခိုက် နစ်နာလာနိုင်ပါတယ်” ဟု ပြောသည်။

ကန့်ကွက်မှုကို မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရုံး ရှေ့ တွင်လည်း ပြုလုပ်သွားမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တပ်မတော် အငြိမ်းစားများ ဝင်ရောက်လာသည်ကို ကန့်ကွက်ကြောင်း လက်မှတ်များ ရေးထိုးပြီး တင်ပြသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ကန့်ကွက် သူများက ဆိုသည်။

“အထက်လူကြီးတွေသိအောင် တင်ပြဖို့ လုပ်နေတယ်။ ကျွန်တော်တို့ အင်ဂျင်နီယာတွေ ပါမယ်။ ဓာတ်အားဖြန့်ဖြူးခွင့် ရရှိထားတဲ့ ကုမ္ပဏီတွေကလည်း ပါဝင်ပြီး လက်မှတ်ထိုး သွားမှာပါ။ ကျွန်တော်တို့ကတော့ အခြေအနေတစ်ခု ဖြစ်လာတဲ့အထိ ကန့်ကွက်မှုတွေကို ဆက်တိုက် လုပ်ဆောင်သွားမှာပါ” ဟု အမည်မဖော်လိုသည့် လက်ထောက် အင်ဂျင်နီယာ တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း လက်အောက်ရှိ ခရိုင်လျှပ်စစ် မန်နေဂျာရုံးများနှင့် မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများတွင် လက်ထောက် အထွေထွေမန်နေဂျာ(စီမံ) ခရိုင်များ၊ မန်နေဂျာ(စီမံ)မြို့နယ်များသို့ ခရိုင်လျှပ်စစ် မန်နေဂျာများနှင့် မြို့နယ် လျှပ်စစ်မန်နေဂျာ များမှ လုပ်ငန်းလွှဲပြောင်းခြင်းကို စက်တင်ဘာလ ၂၀ ရက် နောက်ဆုံးထား ဆောင်ရွက်ရန် အကြောင်းကြားစာများကို သြဂုတ်လ နောက်ဆုံးပတ်က ပေးပို့ကြောင်းလည်း ကန့်ကွက်သူများက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly