NLD က မရွေးလို့ ဝမ်းနည်းမိတယ်ဆိုတဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဒေါ်ညိုညိုသင်း

NLD က မရွေးလို့ ဝမ်းနည်းမိတယ်ဆိုတဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဒေါ်ညိုညိုသင်း
မျှော်လင့်သလို ကျွန်မ မျှော်လင့်သလို ဖြစ်မလာဘူးဆိုတော့ ပုထုဇဉ်ပီပီ ၀မ်းနည်းတာ ပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ဟာ ၀မ်းနည်းခြင်းနဲ့ပဲ နိုင်ငံရေးကို ဖြတ်သန်းလို့ မရပါဘူး (ဒေါ်ညိုညိုသင်း)

ရန်ကုန်၊ စက်တင်ဘာ ၁၁။                ။ ရန်ကုန်တိုင်း လွှတ်တော်အမတ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံခဲ့ရသူ တသီးပုဂ္ဂလ အမျိုးသမီးအမတ် ဖြစ်သည့် ဒေါ်ညိုညိုသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ် လောင်းအဖြစ် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် ရွေးချယ်မခံရခြင်းကြောင့် ပုထုဇဉ်ပီပီ ဝမ်းနည်းမိသည်ဟု သူကဆိုသည်။ ထို့ကြောင့် ဗဟန်းမြို့နယ်၏ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ ဗဟိန်းမြို့နယ်အတွင်း သူ၏ ပါတီဟောင်းများဖြစ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ကိုယ်စားလှယ်လောင်း ဦးသိန်းဟန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်း ဦးထွန်းမြင့်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်း ဒေါက်တာရဲအောင်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးတင်ထွန်း၊ အမျိုးသားတိုးတက်ရေးပါတီ၏ အမတ်လောင်း ဦးသက်ညွန့်ဦးတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိထားသူဖြစ်ပြီး တစ်သီးပုဂ္ဂလ တိုင်းလွှတ်တော် အမျိုးသမီး အမတ်တစ်ဦး လွှတ်တော်တွင်းဖြတ်သန်းမှု၊ အနာဂတ် နိုင်ငံရေး မျှော်မှန်းချက်၊ လွှတ်တော်တွင်း ရောက် အမျိုးသမီးအမတ်များအခြေအနေတို့ကို မဇ္ဈိမ သတင်းထောက် ခိုင်မွန်ချိုက မေးမြန်း ထားခြင်းဖြစ်သည်။

 

ပထမဦးဆုံးဆရာမကို မေးချင်တာကတော့ ဆရာမအနေနဲ့ အခုလာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း တစ်သီးပုဂ္ဂလ အမတ်တစ်ယောက် အနေနဲ့ ပါဝင်ပြီးတော့ ယှဉ်ပြိုင် ရွေးချယ်ခံဦးမယ်လို့ သိရပါတယ်ရှင့်။ အဲ့တော့ ဆရာမထပ်ပြီးတော့ ယှဉ်ပြိုင်ရွေးချယ်ခံမယ့် ပုံကိုလည်းပြောပြပေးပါဦးရှင့်။

ကျွန်မအနေနဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ သုံးနှစ်လုံးလုံး ရပ်တည်ခဲ့ပါတယ်။ အဲ့လိုရပ်တည်ခဲ့တဲ့ ကာလကနေ တောက်လျှောက်မှာ ပေါ့နော် ကျွန်မရဲ့အသံကိုလည်း ပြည်သူလူထု ကြားခဲ့ရပါတယ်။

ပြည်သူ လူထုရဲ့ အသံကိုလည်း ကျွန်မ လွှတ်တော်ထဲကို တစ်ယောက်တည်းဖြစ် ပေမယ့်လည်း တကယ့်ကို တစ်ကောင်တည်း ခြင်္သေ့လို့ နာမည်တွင်ရလောက်တဲ့ အထိပေါ့နော် ကျွန်မအနေနဲ့ ပို့ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မ ဒီအားကိုယူပြီးတော့ ဆက်လက်ပြီးတော့ ၂၀၁၅ ရွေးကောက် ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ပြီးတော့ ရန်ကုန်တိုင်း လွှတ်တော်တွင် သာမကဘဲနဲ့ ပေါ့နော် တစ်နိုင်ငံလုံး ကိစ္စတွေကို ပြောနိုင်ဆိုနိုင်တဲ့ ပြည်သူ့လွှတ်တော် အဆင့်ထိကို ဒီတစ်ခါ ကျွန်မ တက်လှမ်းတာ ဖြစ်ပါတယ်။

 

တကယ်လို့များ ဆရာမ ရွေးချယ်ခံရမယ်ဆိုရင် ဆရာမရှေ့ဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေ အနေနဲ့ ဘာတွေများရှိသလဲရှင့်။

ကျွန်မအနေနဲ့ကတော့လေ ပြည်ထောင်စုအဆင့်မှာ လုပ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်မ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရှိခဲ့စဉ်ကာလတုန်းက ပေါ့နော် ပြည်သူ လူထုအတွက် ကျွန်မတကယ့်ကို အဆိုကောင်းတွေ၊ မေးခွန်းကောင်းတွေ မေးခဲ့တာတွေရှိတယ်။ အဲ့တော့ အဲ့ဒီထဲက တချို့ကိုပေါ့နော် လွှတ်တော်မှာ မဲရှုံးပြီးတော့ အကောင်အထည် မဖော် နိုင်ခဲ့တာတွေရှိပါတယ်။ အဲ့ဒီအခါမှာ တရားဝင်ကျွန်မကို ဘာအမြဲ တမ်းဖြေကြားသလဲဆိုတော့ ဒီကိစ္စတွေကပြည်ထောင်စုအဆင့်က ပြည်ထောင်စုအစိုးရက ဆောင်ရွက်ရတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

စီမံကိန်းတွေဆိုလည်း ဒီစီမံကိန်းတွေက ပြည်ထောင်စုအစိုးရက ဆောင်ရွက်တဲ့ စီမံကိန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်း လွှတ်တော်ကြီးမှာ ဒီကိစ္စကြီး မပြောပါနဲ့ ပြည်ထောင်စု အဆင့်မှာ ပြောပါ၊ ဆိုပါဆိုတဲ့ ဖြေကြားချက်တွေ ကျွန်မ ခဏခဏရပါတယ်။ အဲ့ဒီတော့ ကျွန်မတို့က ပြည်သူလူထုအကျိုး စီးပွားကို ကျွန်မ ပြီးခဲ့တဲ့သက်တမ်းမှာ ထမ်းဆောင်တာထက် အများကြီး ပိုပြီးတော့ ထမ်းဆောင်နိုင်မယ့် ပြည်သူ့လွှတ်တော်ကို သွားခြင်းအားဖြင့် ပြည်သူလူထု အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ မုချမသွေ ရမယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်ထားပါတယ်။ လူထုကလည်း ကျွန်မကိုယုံကြည်မှာပါလို့ ကျွန်မမျှော်လင့် ထားပါတယ်။

 

ပြီးခဲ့တဲ့ ငါးနှစ်လုံးလုံးပေါ့နော် ဒီလွှတ်တော်ထဲမှာ ဆိုရင်လည်း အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တယ်။ အဲ့ဒီထဲမှာလည်း ဆရာမကြိုးစားခဲ့တဲ့ ကြိုးစားမှုတွေက အများကြီးပေါ့။ ဒါပေမယ့် ခုနကပြောသလိုပါပဲ အဲ့ထဲမှာ ကြိုးစားခဲ့တဲ့ထဲမှာ အရာ မထင်တာတွေလည်း ရှိကောင်းရှိမယ်ပေါ့။ ဒီတော့ အဲ့ဒါက အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် ဖြစ်တာလား။ အမျိုးသမီး အမတ်တစ်ယောက်ဖြစ်နေလို့ အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ယောက်ဖြစ်နေလို့ သက်သက်မျက်ကွယ်ပြု တာခံရတာတွေရှိသလား။ ပြီးတော့ အချို့ဆရာမကို ဒုက္ခပေးဖို့အတွက်ကြံစည်တာတွေရှိသလားရှင့်။

အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် မို့လို့ပေါ့နော် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေထက် နှစ်ဆ၊ သုံးဆ ပိုကြိုးစားရတာတွေ တော့ရှိပါတယ်။ တကယ့်ကိုပဲ ပေါ့နော် အမျိုးသမီးတစ်ယောက်ရဲ့ အသံကို ဂရုစိုက်လာအောင်၊ နားထောင်လာအောင် ကျွန်မတို့ အလုပ်တွေ အများကြီး လုပ်ခဲ့ရတာတွေရှိပါတယ်။

ကျွန်မတို့ လူ့အဖွဲ့အစည်းရဲ့ ထုံးစံအတိုင်းပေါ့ အမျိုးသမီးဆိုလို့ရှိရင် မလုံခြုံဘူး၊ မလုံခြုံတဲ့စနစ်မှာ ကျွန်မတို့ နေနေရတာကိုး။ အခုဆိုရင် အမျိုးသမီးတွေက နှုတ်ပိုင်းဖြင့် သော်လည်းကောင်း၊ စိတ်ပိုင်းဖြင့် သော်လည်းကောင်း အမျိုးမျိုးသော စော်ကားခံရမှုတွေ လက်တွေ့နယ်ပယ်တွေမှာ အများကြီး ရှိနေတယ်လေ။

အဲ့တော့ အဲ့ဒါကလည်း လွှတ်တော်ထဲမှာလည်း ရှိတာပါပဲ။ လွှတ်တော်ထဲ ဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ အမျိုးသမီးတွေ စော်ကား မခံရဘူးလား ဆိုတော့ အဲ့လိုမျိုး မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာရှိတဲ့ အမျိုးသမီးတွေလည်း စိတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ နှုတ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်းပေါ့ ထိခိုက်ပြောဆို နစ်နစ်နာနာ ပေါ့နော် ထိခိုက် ပြောဆိုခံရတာတွေ ရှိပါတယ်။ ဝေဖန်ခံရတာတွေရှိပါတယ်။

ပိုပြီးတော့တောင် အပြောခံ၊ အဆိုခံရတဲ့ အနေအထားမှာ ရှိပါတယ်။ နိုင်ငံရေးသမား ဆိုရင်တော့ ပုံမှန်ထက် ပိုပြီးတော့ အပြောအဆို ဝေဖန် ခံရတာပဲလေ။ အဲ့ဒီထဲမှာမှ နိုင်ငံရေးသမား ဖြစ်ရတဲ့အထဲ အမျိုးသမီး ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့ လူ့အဖွဲ့အစည်းက ပိုပြီးတော့ ပြောချင်၊ ဆိုချင် ဝေဖန်ချင် တာတွေတော့ ပိုပြီးအများကြီးရှိပါတယ်။

 

အမျိုးသမီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပေါ့နော် အဓိက အနေ နဲ့ ဆရာမ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက ဘာတွေဖြစ်မလဲရှင့်။

သာမန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က အားထုတ်တဲ့ အတိုင်းအတာထက် ကျွန်မ အများကြီးပိုပြီး အားထုတ်ရတယ်ပေါ့။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က တစ်ခါပြောတဲ့ ကိစ္စကို ကျွန်မက သုံးကြိမ်လောက် ကိုပြောရတယ်။ နောက်တစ်ခါ နည်းအမျိုးမျိုးနဲ့လည်း ပြောရတယ်။ လွှတ်တော်အတွင်းမှာတင် မကဘူး။ လွှတ်တော်ပြင်ပ ကလည်း ပြောရတယ်။ တစ်ခါ မီဒီယာရဲ့ အားကိုလည်း ယူရတယ်ပေါ့နော်။

မေးခွန်းတွေ မေးတဲ့အခါမှာလည်း ကြယ်ပွင့်ပြ မေးခွန်းတင် မကဘူး။ ကြယ်ပွင့်မပြ မေးခွန်း တွေကိုလည်း မေးရတယ်။ တစ်ခါ အကြောင်းအရာ တစ်ခုတည်းကို နည်းလမ်းပေါင်းစုံနဲ့ မေးရတာတွေ ရှိတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က ကြယ်ပွင့်ပြ မေးခွန်းတစ် ခုမေးတာထက် ကျွန်မကတော့ ကြယ်ပွင့်ပြ မေးခွန်းတစ်ခု အပြင်ကို ကြယ်ပွင့်မပြတဲ့ မေးခွန်း ကိုသော်လည်းကောင်း၊ အဆိုသော်လည်းကောင်း ထပ်ပြီးတော့ ကျွန်မပြောရတာတွေ ရှိတယ်။

တစ်ခါ အစိုးရအဖွဲ့နဲ့ ရင်ဆိုင်ပြီးတော့၊ မျက်နှာချင်းဆိုင်ပြီးတော့ လွှတ်တော်ထဲမှာပြောကြ၊ ဆိုကြတဲ့ အခါမှာလည်းပဲ အမျိုးသမီး ဖြစ်တဲ့အတွက်ကြောင့် ကျွန်မ ခဏခဏ တားမြစ်ခံရတယ် ဆိုတာ ဗီဒီယို မှတ်တမ်းတွေလည်း အများကြီး ရှိပါတယ်။ တကယ်လို့ ကျွန်မနေရာမှာသာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဆိုရင် ဒီလိုတားမြစ်ခံရမှာ မဟုတ်ပါဘူး။ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် တားမြစ်ခံရတယ်ဆိုတဲ့ သက်သေတွေလည်း ကျွန်မတို့ ငါးနှစ်သက်တမ်းမှာ မရှိခဲ့ပါဘူး။ ကျွန်မ တစ်ယောက်တည်းသာလျှင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရဲ့ မကြာခဏ ကြိမ်းမောင်း ဆူပူခြင်းကိုလည်း ခံခဲ့ရတာရှိပါတယ်။ ဒါပေမယ့် ကျွန်မအားမလျှော့ခဲ့ပါဘူး။ ကျွန်မဆက်ပြီးတော့ ဆောင်ရွက် ခဲ့ပါတယ်။

 

အတိုက်ခိုက် ခံရတာတွေ၊ ဆရာမကို ဝိုင်းဝန်းပြီးတော့ တချို့နေရာတွေမှာဆိုရင် တမင် သက်သက်ကို ပညာပြတဲ့သဘောမျိုးတွေ ရှိကောင်း ရှိမယ်ပေါ့။ အဲ့လိုအရာတွေက အမျိုးသမီး လွှတ်တော် အမတ်တွေထဲမှာ ဆရာမတစ်ယောက်တည်း ကွက်ပြီး ဖြစ်ခဲ့တာလား၊ တခြားသော အမျိုးသမီး ကိုယ်စားလှယ်လောင်း တွေကော အဲ့လို အတွေ့အကြုံတွေ ရှိခဲ့လားရှင့်။

ကျွန်မ ကြည့်ရသမျှ လွှတ်တော် မှတ်တမ်းတွေထဲမှာတော့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တော်တော်များများကို ပေါ့နော် အထူးအထွေကြီး ခွဲခြားဆက်ဆံတာမျိုးတော့ လူပုံအလယ်မှာ ကျွန်မ ကိစ္စကလွဲရင် မရှိပါဘူး။ ကျွန်မကိစ္စမှာတော့ အစိုးရ အဖွဲ့ခေါင်းဆောင် ကိုယ်တိုင်ကိုက ပြင်းပြင်းထန်ထန် ထပြီးတော့ကန့်ကွက်တာမျိုး တွေပေါ့နော်။ ပုံမှန်ကလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က အဆိုတင်လိုက်တယ်ဆိုရင် ပုံမှန်အားဖြင့်က ချပြီးဆွေးနွေးတဲ့ အနေအထားမျိုးတွေ ရှိတယ်လေ။

ဒါပေမယ့် ကျွန်မ ကိစ္စမှာတော့ ကျွန်မတင်တဲ့ ကိစ္စတိုင်းဟာ ဆွေးနွေးတဲ့ အနေအထားကို ရောက်မလာဘဲနဲ့ ကနဦး အဆင့်မှာကိုက အစိုးရဝန်ကြီးတွေရဲ့ ပယ်ချတာကိုခံရတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သာမန်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဆိုလို့ ရှိရင် တင်သွင်းခွင့် ပေးတယ်။ လွှတ်တော်မှာ ဆွေးနွေးခွင့်ပေးတယ်။ ကျွန်မကိစ္စမှာတော့ ကျွန်မ တစ်ဦးတည်းပဲ တင်သွင်းခွင့်ရပြီးတော့ ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်အများစု ပါဝင် ဆွေးနွေးခွင့်ကို အလိုအလျောက်ပေ့ါနော် ပိတ်ပင်လိုက်ခြင်းပေါ့။

ဒီလို တစ်ဖက်သတ် ဆန်ဆန် ဆောင်ရွက်ခြင်းဟာ ကျွန်မအနေနဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့် ဒီလိုခွဲခြား ဆက်ဆံခံရတယ်လို့ ကျွန်မ ထင်ပါတယ်။ တခြားသော လွှတ်တော်တွေမှာတော့ အဲ့လိုကိစ္စတွေ ကျွန်မ သိပ်ပြီးမတွေ့ပါဘူး။ တရားဝင် ထုတ်ပြန်ထားတဲ့ လွှတ်တော် သတင်းမှတ်တမ်းများအရ တရားမဝင် အဖြစ်အပျက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ လွှတ်တော်ပြင်ပ မှာပေါ့နော်။ ဒါပေမယ့် လွှတ်တော်တွင်း တရားဝင် ထုတ်ပြန် ထားတဲ့ အချက်တွေအရ ဆိုရင်တော့ ကျွန်မကိစ္စက လွဲပြီးတော့ပေါ့နော် တခြားသော အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကို အထူးအထွေ ခွဲခြားဆက်ဆံခြင်း ဆိုတာမျိုးတွေ ကျွန်မ မတွေ့ပါဘူး။

 

ဆရာမ အဆိုတင်သွင်းခဲ့တဲ့အဆိုတွေ ပြီးတော့ မေးခွန်းမေးခဲ့တာတွေက ဘယ်လောက် အတိုင်း အတာထိ ရှိလဲရှင့်။ ပြီးတော့ အဲ့ဒါတွေကကော အောင်မြင်မှု အခြေအနေတွေ ဘယ်လိုရှိ ပါသလဲ။

မကြာသေးခင်ကပဲ လွှတ်တော်ကို စောင့်ကြည့်တဲ့ အဖွဲ့အစည်း လေးတစ်ခုက ထုတ်ပြန် ကြေညာ ပါတယ်။ မြန်မာနိုင်ငံက လွှတ်တော်တွေ အားလုံးထဲမှာ မေးခွန်း အများဆုံးမေးတဲ့ အဆို အများဆုံး တင်သွင်းတဲ့သူက ကျွန်မပါပဲ ဆိုပြီးတော့ ပြောပါတယ်။  သူတို့အနေနဲ့လည်း ကျွန်မကို ဂုဏ်ပြု ခဲ့ပါတယ်။ မေးခွန်း ၄၀၀ ကျော် တင်ခဲ့ပါတယ်။ အဆို ၄၀ ကျော် တင်ခဲ့ပါတယ်။ ဒါဟာ သာမန် နိုင်ငံရေး ပါတီတစ်ခု ဘယ်လိုမှမလုပ် နိုင်ခဲ့တဲ့ကိစ္စကို ကျွန်မ တစ်သီးပုဂ္ဂလအနေနဲ့ တစ်ယောက်တည်း လုပ်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မ ဒီကိစ္စကို အများကြီး ဂုဏ်ယူပါတယ်။

 

အဲ့ဒီ မေးခွန်းတွေကိုရော ပြန်ပြီးတော့ ဖြေခဲ့တဲ့ အခြေ အနေပေါ့နော် ပြီးတော့ ဆရာမတင်သွင်းခဲ့တဲ့ အဆိုတွေမှာရော ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်မှု တွေရခဲ့လဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်မရဲ့ အဆိုတွေ တော်တော်များများက သုံးခုက လွဲလို့ရှိရင် ရှုံးတာ များတယ်။ မဲခွဲဆုံးဖြတ်လိုက်ရင် အကုန်လုံး ရှုံးတာပဲ။ ဒါပေမယ့် ကျွန်မ အရှုံးထဲက အမြတ် ဆိုလို့ ဘာရလဲဆိုတော့ နိုင်ငံတော် သမ္မတရုံးတို့ ပြည်ထောင်စု အစိုးရက ဝန်ကြီးဌာန တချို့တို့က ကျွန်မ ရှုံးသွားခဲ့တဲ့ အဆိုတွေကို သူတို့က ထပ်ထပ်ပြီးတော့ အကောင်အထည်ဖော်ပါတယ်။ အဲ့ဒါပြည်သူအတွက် အမြတ်ပေါ့နော်။

ဥပမာ ဆိုရင် အငှားချ အိမ်ယာစီမံကိန်းတွေ ပြည်သူ့ အငှားချ အိမ်ယာ စီမံကိန်းဆိုတာ ကျွန်မ ရန်ကုန်တိုင်း လွှတ်တော်မှာ အကြိမ်ကြိမ် ရှုံးတဲ့ကိစ္စ ကျွန်မက မေးခွန်းလုပ်လိုက်၊ အဆိုလုပ်လိုက်၊ ကြယ်ပွင့်ပြလုပ်လိုက်ပေါ့၊ နည်းပေါင်းစုံက ဘက်ဂျက် ဆွေးနွေးတဲ့ နေရာမှာ ပြောလိုက်ပေါ့။ ဒီကိစ္စကို ကျွန်မ နည်းလမ်းပေါင်းစုံနဲ့ ထောင့်ပေါင်းစုံကနေ တင်ပြတယ်။ ဒါပေမယ့် အကြိမ်တိုင်း ကျွန်မရှုံးတယ်။ ကျွန်မထင်တယ်။ လေးကြိမ်၊ ငါးကြိမ်လောက်ကိုရှုံးတာ။

ရှုံးပေမယ့် အဲ့ဒီကိစ္စ ကိုကျွန်မတို့ပြည်ထောင်စုအစိုးရ နိုင်ငံတော်သမ္မတရုံးက တကယ့်ကို အထူး သီးသန့် ရန်ပုံငွေနဲ့ ဘီလျံ ၂၀ ချပေးပြီးတော့ ပြည်သူ့ အငှားချ အိမ်ယာစီမံကိန်းကြီး ဆိုတာ မကြာခင် လုပ်မယ်ပေါ့နော်။ အခုလည်း လုပ်နေပါပြီ။ အဲ့ဒါမျိုးက လူထုအမြတ်ထွက်တဲ့ ကိစ္စလေ။ နောက်တစ်ခါ သက်ကြီးပေါ့ နေ့ပိုင်း စောင့်ရှောက်မှု ဂေဟာ ဖွင့်တဲ့ကိစ္စ ကျွန်မ လွှတ်တော်ထဲမှာ ဝက်ဝက်ကွဲ ရှုံးတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေကို အခမဲ့ ဆေးကုပေးဖို့ ကိစ္စတွေ ဒါကို လွှတ်တော်ထဲရှုံးတယ်။ ဒါပေမယ့် အပြင်မှာ လူမှုဝန်ထမ်းက သဲသဲမဲမဲ ပြန်လုပ်ပေးတယ်။

မိခင်နဲ့ ကလေးက ကလေးတွေကို အာဟာရ တိုက်ကျွေးရေး အစီအစဉ် အဲ့ဒါကလည်း လွှတ်တော် ထဲမှာ ဝက်ဝက်ကွဲ ရှုံးတယ်။ ဒါပေမယ့် အပြင်မှာ မိခင်နဲ့ကလေးက နိုင်ငံတကာ အကူအညီနဲ့ အာဟာရ ဖြည့်စွက်ခြင်း လုပ်ငန်းကို ပြင်းပြင်းထန်ထန်ကို ဆောင်ရွက်တယ်။ ဒါတွေဟာ ကျွန်မ ရှုံးသော်လည်းပဲ လုပ်တဲ့အစိုးရက ဖြည့်စွက်ပြီး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေ ပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ မီဒီယာတွေက ပွင့်လင်းလာတယ်။ ကျွန်ရှုံးပြီဆိုရင် အတင်း ဆူဆူညံညံနဲ့ ပြောဆို ဝေဖန် ရေးသားတယ်။

အဲ့ဒီအခါမှာ အစိုးရ အဖွဲ့က မနေနိုင်ပါဘူး။ တိုင်းအစိုးရအဖွဲ့က မလုပ်ပေမယ့် ပြည်ထောင်စု အစိုးရအဖွဲ့က လိုက်လိုက် လုပ်တယ်။ အထင်ရှားဆုံး ဥပမာ- ဒဂုံစီးတီးကိစ္စ ကျွန်မ လွှတ်တော် ထဲမှာ ရှုံးတယ်။ ငါးမဲပဲရတယ်။ ရွှေတိဂုံဘုရားကိစ္စ လွှတ်တော်ထဲမှာ ရှုံးတယ်။ သုံးမဲပဲ ရတယ်။ ဒါပေမယ့် လွှတ်တော်အပြင်မှာ ခုလိုမီဒီယာတွေရဲ့ ဖိအားနဲ့ ပြည်သူလူထုရဲ့ ဖိအားကြောင့် ဒီ စီမံကိန်းတွေ ရပ်စဲသွားရတယ် ပေါ့နော်။ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုလို့ရှိရင် ပြီးခဲ့တဲ့ တစ်နှစ်ခွဲ လောက်ကတည်းက အမှန်အစိုးရကလျှို့ဝှက်စွာ လုပ်မယ့် စီမံကိန်းပေါ့။

ဒါပေမယ့် အခု အစိုးရအနေနဲ့ လုပ်မယ်ဆိုရင်တောင်မှ လျှို့လျှို့ဝှက်ဝှက်နဲ့ အရင်လို ထင်ရာလုပ်လို့ မရတဲ့ စီမံကိန်းတစ်ခု ဖြစ်လာပြီပေါ့။ အဲ့လိုပဲ ကျွန်မတို့ ရပ်တန့်နိုင်ခဲ့တဲ့ စီမံကိန်းတွေရှိတယ်။ ကျိုက္ကဆံကွင်းကို လူတစ်စု၊ ကုမ္ပဏီတစ်စုက သိမ်းယူမယ့် စီမံကိန်းတွေ၊ အဲ့လိုပဲ သိမ်ဖြူကွင်း ကိစ္စတွေ၊ အဲ့လိုကျွန်မတို့ ကိစ္စပေါင်းများစွာ၊ စီမံကိန်းပေါင်း များစွာကို ကျွန်မအနေနဲ့ တားဆီးနိုင်ခဲ့ တယ်ပေါ့နော်။ ဒါဟာကျွန်မအတွက် အင်မတန်ကို တစ်ယောက်တည်းဖြစ်သော်လည်းပဲပေါ့နော် ကျွန်မ ရပ်တန့်နိုင်ခဲ့တဲ့ စီမံကိန်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မအနေနဲ့အရမ်းကို ကျေနပ်ပါတယ်။

 

ဆရာမက ပညာရေး နယ်ပယ်မှာ ဆိုရင်လည်း အချိန်အတိုင်း အတာတစ်ခုအထိ တကယ်ကိုကြိုး ပြီးတော့ နေထိုင်ခဲ့တယ်ပေါ့နော်။ အဲ့ဒီမတိုင်ခင်မှာ နိုင်ငံရေးလှုပ်ရှားမှုလေးတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ အဲ့ဒီတော့ ဆရာမဘယ်ချိန်၊ ဘယ်အရွယ်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တာလဲ။ ဘာ့ကြောင့် ပါဝင် ဖြစ်ခဲ့တာလဲရှင့်။

ကျွန်မကလေ တတိယနှစ် ကျောင်းသူဘဝမှာ အရေးတော်ပုံကြီး ဖြစ်လာတာပေါ့။ အဲ့အရေးတော်ပုံမှာ အစ်ကိုတွေနဲ့အတူ ရောပါသွားတာပေါ့နော်။ ကျောင်းသားအတန်းဖော် တွေနဲ့အတူ ရောပြီးပါသွားတာပေါ့။ ကျွန်မတို့ တ.က.သ တွေလည်း ပါတာပဲပေါ့။ ဗ.က.သ တွေလည်း ပါတာပဲပေ့ါ။

တကယ်နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်တဲ့ အခါကျတော့ ဥပမာ- NLD လူငယ် တစ်ယောက် ဖြစ်လာတဲ့အခါမှာပေါ့ တကယ့်ကိုသက်စွန့်ဆံဖျား လုပ်ရတဲ့ အချိန်ပေါ့နော် အဲ့ဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း လက်ဝယ်တွေ့လို့ရှိရင်ကို တကယ့်ကို ထောင် ၇ နှစ်၊ ၈ နှစ် ချခံရတဲ့ အချိန်ပေါ့နော်။

အဲ့လို အချိန်တွေမှာ ကျွန်မတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ၊ အခွေတွေကို ကျွန်မတို့ ပြည်သူလူထု လက်ဝယ် အရောက်ပို့တာတွေ၊ ဒါတွေကို ကျွန်မတို့ ဗကသ လူငယ်များနဲ့ လက်တွဲပြီးတော့ စွန့်စွန့်စားစား ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။

အဲ့ဒီအချိန်တုန်းက ပြည်သူရဲ့ အမြင်ဖွင့်ဖို့ပေါ့လေ တစ်ပါတီ အာဏာရှင်စနစ်ကို တော်လှန်ဖို့ကို ကျွန်မတို့ ကျောင်းသား လူငယ်တွေက တကယ့်ကို ဘဝပေါင်းများစွာ ရင်းပြီးတော့ ကျွန်မတို့ ဆောင်ရွက် ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီအချိန်က ကျွန်မနဲ့ လက်တွဲပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တဲ့ ဘဝတူ လူငယ်များသည် ဒီနေ့မှာ တကယ့်ကိုပဲ ဘဝတောင် ရပ်တည်လို့မရတဲ့ အနေအထားမျိုးမှာ သူတို့ရှိနေကြတာ။ ဥပမာဖြင့် မိမိရဲ့မိသားစုကို မကျွေးမွေးနိုင်တဲ့ အနေအထားကို ဖြစ်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ဘဝကို သူတို့က အဲ့ဒီထဲမှာပေါ့နော် အာဏာရှင်စနစ် အပြုတ်ဖြုတ်ရေး ဆိုတဲ့ထဲမှာ မြုပ်နှံလိုက်ရတဲ့ အတွက်ကြောင့် သူတို့ရဲ့ ထိခိုက်ဆုံးရှုံးမှုက အင်မတန်ကို ကြီးမားခဲ့တယ်။ အခုသူတို့ရဲ့ သားသမီးလေးတွေကိုတောင် ကျောင်းကို ပြန်မပို့နိုင်တဲ့ အနေအထားတွေထိ ဆင်းရဲကြပါတယ်။

ကျွန်မက ဒါတွေကို ကြည့်ခြင်းအားဖြင့် အများကြီး သင်ခန်းစာ ရတယ်ပေါ့နော်။ ကျွန်မတို့နိုင်ငံ အမြန်ဆုံး ပြောင်းလဲရမယ်။ ကျွန်မတို့နိုင်ငံမှာ ဘယ်အာဏာရှင် စနစ်မှ တစ်ကျော့ပြန် မလာရေး ဆိုတာ ကျွန်မရဲ့တကယ့် ရည်မှန်းချက် ဖြစ်တယ်ပေါ့နော်။ အဲ့တော့ ကျွန်မလွှတ်တော်ထဲ ရောက်တဲ့ အခါမှာလည်း မည်သည့်အာဏာရှင် စနစ်မှ လွှတ်တော်ထဲမှာ မပေါ်ရေး၊ မည်သည့် အာဏာရှင် စနစ်မှ အစိုးရထဲမှာ မကြီးထွားရေးကို ကျွန်မအားစိုက်ပြီး လုပ်သွားမယ်။

ဥပမာ အားဖြင့်ဆိုရင် ကျွန်မရဲ့ လွှတ်တော် သက်တမ်းတွေအရ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်မတို့ လွှတ်တော်ထဲမှာ ပါတီကြီးတစ်ခုက လွှမ်းမိုးထားတယ်ပေါ့နော်။ အဲ့လိုပါတီကြီးတစ်ခုက လွှမ်းမိုး ထားတဲ့အခါမှာ ဘယ်လောက်ပဲ ကျွန်မက ပြည်သူလူထုအတွက် ကောင်းတဲ့အဆိုတွေ တင်သော်လည်းပဲ ပါတီခေါင်းဆောင်က ကျွန်မကို သဘောမတွေ့ဘူး ဆိုလို့ရှိရင် ဒီအဆိုက မအောင်ဘူး။

ပါတီ ခေါင်းဆောင်တစ်ယောက်က ကျွန်မအပေါ်မှာ ပုဂ္ဂိုလ်ရေးအမြင် မကြည်လင်တာ လေးနဲ့တင် ကျွန်မရဲ့ အဆိုတွေက လွှတ်တော်ထဲမှာ ရှုံးခဲ့ရတာတွေ ရှိတယ်။ နောက်တော့မှသာ မီဒီယာတွေရဲ့ ကျေးဇူးကြောင့် ပြည်သူလူထုရဲ့ ဖိအားကြောင့် ဒါတွေကိုအစိုးရက ပြန်လည် လုပ်ဆောင်ပေးရတာ။ ဒါကိုကြည့်ခြင်းအားဖြင့် အာဏာရှင်စနစ် လွှတ်တော်ထဲမှာ မရှိဖို့ သိပ်အရေးကြီးတယ်။

တကယ်လို့များ ၂၀၁၅ ကျွန်မတို့ရဲ့ လွှတ်တော်ကို အဲ့လိုပဲ ပါတီကြီးတစ်ခုက လွှမ်းမိုးထားပြီးတော့ အဲ့လိုပဲ ခေါင်းဆောင် တစ်ဦးတစ်ယောက်ရဲ့ပေါ့ ဘယ်လို ခေါင်းဆောင်မျိုး ကျွန်မတို့ ရလာမလဲတော့ မသိဘူးပေါ့နော်။ အဲ့ဒီ ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့ သဘောထားအတိုင်း တစ်သွေး တစ်သံ တစ်မိန့်တည်း ဒီလွှတ်တော်ကြီးက သွားနေမယ်ဆိုရင် ပြည်သူ့အသံကို ဖွင့်ဟနိုင်ဖို့ အခန်းကဏ္ဍပေါ့ ဘယ်နေရာမှာလဲ ကျွန်မတို့ မေးခွန်းထုတ်ရမယ် ဘယ်လောက်ပဲ လွှတ်တော်ကိုယ်စားလှယ်တွေ လူထုကရွေးကောက်တင်မြောှက်တဲ့ ကိုယ်စားလှယ်တွေ လွှတ်တော် ထဲကိုရောက်ရောက် သူတို့သည် သူတို့ပါတီ ခေါင်းဆောင်က ထရင်ထရမယ်။ ထိုင်ရင်ထိုင် ရမယ်ဆိုရင် ပြည်သူလူထုရဲ့ဘဏ္ဍာငွေနဲ့ ဒီလွှတ်တော်ကြီးကို ဘာကြောင့်ကျင်းပ နေမှာလဲ။ မေးခွန်း ထုတ်စရာရှိတယ်။

ဒါကြောင့်မို့လို့ ကျွန်မလိုတစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ယောက် ရောက်သွားခြင်း အားဖြင့် ကျွန်မက ပြည်သူ့ရဲ့ အသံကို ဘယ်ခေါင်းဆောင်ရဲ့ မျက်နှာကိုမှ မထောက်ဘဲနဲ့ ပြတ်ပြတ်သားသား ပြောနိုင်မှာဖြစ်တယ်။ ဒါဟာ ကျွန်မ လွှတ်တော်ထဲကို ဘာကြောင့် သွားချင်ရလဲဆိုတဲ့ ကျွန်မရဲ့ အပြင်းပြဆုံး ဆန္ဒဖြစ်တယ်ပေါ့နော်။ ဒါအကြောင်းအရင်း တစ်စိတ်တစ်ပိုင်းပေါ့နော်။

ဒီလိုပြောနိုင်ဖို့ ဒီလိုပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ဘယ်သူ တစ်ဦး တစ်ယောက်ရဲ့ မျက်နှာကိုမှ မကြည့်ဘဲနဲ့ပေါ့နော်။ ဒါပြည်သူလူထု အကျိုးစီးပွားအတွက် မားမားမတ်မတ် ရပ်တည်ဖို့ ကျွန်မသည် လွှတ်တော်ထဲမှာ ရှိမှဖြစ်မယ်။ ဒါကြောင့်မို့ ကျွန်မက လူထုဆီက ရဲရဲကြီးတောင်း တာဖြစ်ပါတယ်။ တောင်းရဲတဲ့သတ္တိလည်း ကျွန်မရှိပါတယ်။ ဘာကြောင့်ဆို ကျွန်မရဲ့ အတိတ်ဟာ လူထုရဲ့မဲတစ်မဲနဲ့ ထိုက်တန်ကြောင်း ပြခဲ့ပြီးဖြစ်ပါတယ်။

ခုပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ဆရာမခုနကပြောသလို လူငယ်ဘဝတုန်းက နိုင်ငံရေး လှုပ်ရှားမှု တွေထဲမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆရာမ နိုင်ငံရေးလှုပ်ရှားမှုတွေ တစ်ခန်းရပ်ပြီးတော့ ပညာရေးမှာပဲ ဇောက်ချပြီးတော့ ကျင်လည်ခဲ့တဲ့ အပိုင်းတွေရှိတယ်လေ။ နောက်ပိုင်းပြန်ပြီးတော့ နိုင်ငံရေး လောကထဲ ဝင်လာတယ်။ အဓိက ဘယ်လိုတွန်းအားတွေကြောင့် ဆရာမအနေနဲ့ နိုင်ငံရေး လောကထဲကို ပြန်ရောက် လာခဲ့တာလဲရှင့်။

ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောမယ်ဆိုရင်တော့ ကျွန်မက အဲ့ဒီအချိန်တုန်းက ပေါ့နော် ခုနကပြောသလို ကျွန်မရဲဘော်တွေရဲ့ ထိခိုက် နစ်နာမှုတွေကြောင့် ထောင်ထဲကို အကုန် ရောက်သွားကြတယ်။ တချို့က ထောင်ထဲမှာ တကယ်ကို သေသွားကြတာ။ အဲ့ဒီအချိန်မှာ ကျွန်မ အရမ်း စိတ်နာတယ်။ စိတ်နာတဲ့အတွက် နိုင်ငံရေးကို မြုပ်ပြီးတော့ လုပ်မလို့ပေါ့နော်။ ဒီအာဏာရှင်စနစ် ပြုတ်ကျအောင် လုပ်မယ်ဆိုပြီး ကျွန်မဆုံးဖြတ် လိုက်တဲ့အချိန်မှာ မြောက်ဥက္ကလာ လူငယ်တွေ့ဆုံပွဲမှာ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။

သူအခု ချိန်ဆိုရင်တော့ ကျွန်မကို မမှတ်မိတော့ပါဘူး။ ကျွန်မကတော့ ဝန်ခံစရာရှိတာ ဝန်ခံ ရမှာပေါ့။ အဲ့ဒီအချိန်က ကျွန်မက သူ့ကို မေးခွန်းတစ်ခု မေးတဲ့အခါမှာ သူက ကျွန်မကို ဘာပြောလဲ ဆိုတော့ ဥပဒေပညာ နောက်ဆုံးနှစ် ရောက်နေပြီဆိုတော့ နှမြောစရာကြီးတဲ့ ပညာရေးကို ဆက်ပြီး လုပ်လိုက်ပါတဲ့။ သူကအဲ့လိုပြောတယ်။ အဲ့ချိန်မှာ ကျွန်မ သတိရသွားတယ်။ ကျွန်မဟာ ဥပဒေပညာ နောက်ဆုံးနှစ် ရောက်နေပြီ။ ဒီပညာရေးကို လက်လွှတ်မခံသင့်ဘူးဆိုတာ ကျွန်မ စိတ်ထဲမှာ သတိရသွားတယ်။ တကယ်လို့သူသာ အဲ့ချိန်က အဲ့ဒီစကားမပြောဘူးဆိုရင် ဆက်ပြီးတော့ ပညာသင်မှာမဟုတ်ဘူး။

အဲ့လို ဆုံးဖြတ်တဲ့ချိန်မှာ နောက် ကံကောင်းတာ တစ်ခုကဘာလဲဆိုတော့ ဒါလည်း ပွင့်ပွင့် လင်းလင်း ကျွန်မဝန်ခံရမှာပဲ။ ကျွန်မနှစ်ခါ အချုပ်အနှောင်ခံရတယ်။ 7 ဂျူလိုင် နေ့တွေတိုင်းမှာ ကျွန်မ အချုပ်ခံရတယ်။ အဲ့လို ဖမ်းဆီးခံရတဲ့အခါမှာ ကျွန်မကို ပြန်ပြီးတော့ အိမ်တိုင်ယာရောက် ပြန်ပို့ပေးတယ်။ သိပ်မကြာတဲ့ ကာလမှာပေါ့နော် ကျွန်မကို ချုပ်နှောင်ထားတာ တပ်မတော် အကြီးအကဲ ပေါ့နော် သူကပြန်ပို့တယ်။

ပြန်ပို့ရခြင်း အကြောင်းအရင်းက အဲ့ဒါကျတော့ ကျွန်မတို့ အမျိုးသမီးဖြစ်ရခြင်းက အားသာ သွားတယ် ပေါ့နော်။ သူတို့ဖမ်းဆီးထားတဲ့ အထဲမှာ တစ်ဦးတည်းသော အငယ်ဆုံးသော ငယ်ရွယ်ဆုံးသော မိန်းကလေး တစ်ယောက် ဖြစ်နေတယ်။ အဲ့တော့ သူက သမီးချင်းစာနာပြီးတော့ နောက်ပြီးတော့ ပညာတတ်လည်းဖြစ်တယ်။ သမီး နင်ဟာ ဥပဒေပညာ နောက်ဆုံးနှစ်တောင် ရောက်နေပြီ။ သူများတွေလို မမိုက်နဲ့။ ကိုယ့်ကျောင်းမှာ ကိုယ်ပြန်ပြီး စာသင်ဆိုပြီး အိမ်တိုင် ရာရောက် နှစ်ကြိမ်တိတိပြန်ပို့တယ်။

ဒါကြောင့်မို့ ကျွန်မသည် အဲ့လိုပုဂ္ဂုလ်ကြီးတွေကို ခုနကပေါ့နော် ဒေါ်စုပေါ့  ကျောင်းကို သွားပါလား ဆိုတဲ့စကားနဲ့ တက္ကသိုလ်ကို ပြန်ပြီးတော့ ရောက်လာတာ။ ရောက်လာပြီးတော့ တက္က သိုလ်မှာ စာသင်တယ်။ သင်ပြီးတဲ့အခါမှာ တကယ့်ကို ထူးချွန်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာအောင် အဖက်ဖက်က ကြိုးစားတယ်။ ကြိုးစားတဲ့အတွက် ကံကောင်းစွာနဲ့ပဲ သက္ကရာဇ် ၂၀၀၀ မှာပေါ့နော် ဂျပန်နိုင်ငံမှာ ပညာသင်ဆု ရခဲ့တယ်။

အဲ့ဒီမှာ ဥပဒေ ဒေါက်တာဘွဲ့ ယူခဲ့တယ်။ တကယ့်ကိုပဲပေါ့နော် ထိုက်ထိုက်တန်တန် ယူခဲ့တာဖြစ်ပါတယ် ဘာကြောင့် ထိုက်ထိုက်တန်တန် ယူခဲ့တာလဲဆိုတော့ ပြောပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မယူခဲ့တဲ့ ဘာသာရပ်က မြန်မာပြည်မှာအဲ့ချိန်တုန်းက ပိတ်ပင် တားဆီးထားတဲ့ Democracy and Good Government ဆိုတော့ ဒါကို ဥပဒေပညာ သင်ရိုးထဲမှာ မပါဘူး ဆိုပြီးတော့ ကျွန်မက ဒေါက်တာဘွဲ့ယူလာတဲ့ပေါ်မှာ ကျွန်မပြန် လာတဲ့ ၂၀၀၆ မှာ ကျွန်မကို ကန့်ကွက်တယ်။ ဌာနဆိုင်ရာအချို့ရဲ့ ပညာရှင်တွေပဲပေါ့နော်။

အစိုးရရဲ့ပညာရှင် တချို့က ကျွန်မရဲ့ဥပဒေဒေါက်တာဘွဲ့ကို ရုတ်သိမ်းပါ ဆိုပြီးတော့ သက်ဆိုင်ရာ ကို ကန့်ကွက်တယ်။ အဲ့ဒီအခါမှာ သက်ဆိုင်ရာ လူကြီးတွေက စိစစ်ပြီးတော့ သူ့ကို တက္ကသိုလ်က ထိုက်တန်လို့ အဲ့ဒီတက္ကသိုလ်က ပေးထားတာကို ကျွန်တော်တို့က ပြန်ရုတ်သိမ်းလိုက်လို့ မရပါဘူး။ ဆိုပြီးပြန်ဖြေကြားလိုက်လို့ ကျွန်မရဲ့ ဒေါက်တာဘွဲ့တွေ၊ ရခဲ့တဲ့ ဘွဲ့တွေက ဒီနေ့ထိ ရှိနေတာ ပေါ့နော်။

ပြောချင်တာက နိုင်ငံရေး မလွတ်လပ်ရင် နိုင်ငံရေးမှာလူတွေဟာ ရသင့်ရထိုက်တဲ့ ပညာရေး လွတ်လပ်ခွင့်ကို မရဘူးဆိုရင် အဲ့နိုင်ငံကို ကောင်းအောင် လုပ်နိုင်လို့မရဘူး။ ကျွန်မက ကိုယ်တွေ့ တွေ့တာ။ ကျွန်မရဲ့ ပညာရှင်သူငယ်ချင်းတွေ အများကြီးရှိတယ်။ သူတို့ဟာ သူတို့သင်ထားတဲ့ ပညာတွေကို အသုံးချလို့မရဘူး။ ပြောခွင့်မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပိတ်ပင် တားဆီး ခံထားရလို့။

သူတို့ဒီလို ဖွင့်ဟ ပြောလိုက်ခြင်းအားဖြင့် သူတို့အတွက်ကို နယ်လွှတ်မှာတို့၊ အလုပ်ထုတ် ခံရမှာတို့ အင်မတန် စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ပညာရှင်တစ်ယောက်အနေနဲ့ ကျွန်မက ပညာရေး လွတ်လပ်ခွင့်ကို တန်ဖိုးထားပါတယ်။ ပညာရေး လွတ်လပ်ခွင့်ကို ဘယ်အခါမှာ ရမလဲဆို စစ်မှန်တဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှပဲ ကျွန်မတို့ရမယ်။ အဲ့တော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျွန်မတို့ လွှတ်တော်တွင်းမှာ မရ ရအောင်လုပ်ဖို့ အရေးကြီးတယ်။

လွှတ်တော်တွင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးမှသာလျှင် ကျွန်မတို့ ပညာရေး ဥပဒေကို အကောင်းဆုံး ဥပဒေအနေနဲ့ ဥပဒေများ ဖန်တီးလို့ရမယ်။ မဟုတ်လို့ရှိရင် ကျွန်မတို့ မှန်ကန်တဲ့ ပညာရေး ဥပဒေတွေ ခုထက်ထိ ကျွန်မတို့ မရသေးဘူး။ ဒါပွင့်ပွင့်လင်းလင်းပဲ ပြောတာနော်။ အဲ့လို ဥပဒေတွေ မရသေးသမျှ ကျွန်မတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖု့ိဆိုတာ မလွယ်ဘူး။ ပါးစပ်က အပြောပဲ ရှိနေမှာပဲ။

NLD ပါတီဝင် တစ်ယောက် ဖြစ်ခဲ့ရဲ့လျက်နဲ့ အဲ့ချိန်တုန်းက ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဆရာမက ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ ဝင်ခဲ့တယ်ပေါ့နော်။ အဲ့ဒါကျတော့ကော ဘယ်လို  ဖြစ်သွားတာလဲရှင့်။

ကျွန်မက NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ ဝင်ချင်တဲ့ ဆန္ဒကြောင့် ရှိတယ်ပေါ့နော်။ နောက် ၂၀၀၉ မှာ ကျွန်မပြန်လာတယ်။ ပြန်လာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ကို ဝင်စေချင်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲ NLD က သပိတ်မှောက်ခဲ့တယ်။ အဲ့တော့ ကျွန်မက ကျွန်မရဲ့ဆန္ဒက အဲ့ဒီတုန်းက ဆန္ဒကလည်း အခုတိုင်းပဲ။ ကျွန်မက လွှတ်တော်ထဲမှာ ဝင်ပြီးတော့ လူထုအတွက်ကို မားမားမတ်မတ် ရပ်ပြီးတော့ ကျွန်မ တိုက်ပွဲဝင်ချင်တယ်။

အဲ့တော့ ကျွန်မရဲ့ မိခင်ပါတီဖြစ်တဲ့ NLDက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ အတွက် ကျွန်မ အနေနဲ့ ပြည်သူ့အတွက် စဉ်းစားပြီးတော့ ကျွန်မရွေး ကောက်ပွဲကို ဝင်ခဲ့တယ်။ တကယ်လို့သာ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မ သပိတ်မှောက်ခဲ့မယ် ဆိုလို့ရှိရင် ကျွန်မသည် လွှတ်တော်ထဲကို ရောက်လာမှာ မဟုတ်ဘူး။ ဒီနေ့ပြည်သူလူထုကလည်း ကျွန်မဆိုတဲ့ ဒေါက်တာ ညိုညိုသင်းကို သိခွင့်ရမှာ မဟုတ်ဘူး။

ကျွန်မရဲ့ ဆောင်ရွက်ချင်တွေလည်း လွှတ်တော်ထဲမှာ ရှိလာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်မ စွန့်စားပြီးတော့ ပြည်သူ့မျက်နှာပဲ ကြည့်ပြီးတော့ ပါတီမျက်နှာနဲ့ ပြည်သူ့ မျက်နှာ ယှဉ်တွဲလာတဲ့အခါမှာ ကျွန်မပြည်သူ့မျက်နှာကိုပဲ ထောက်ထားပြီးတော့ ကျွန်မပါတီရဲ့ မူဝါဒဖြစ်တဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လမ်းစဉ်ကို ကျွန်မ မကျင့်သုံးဘဲနဲ့ ဒီမိုကရက်တစ် ပါတီက ကြိုဆိုတဲ့အတွက်ကြောင့်မို့လို့ သူတို့နဲ့ ကျွန်မပူးပေါင်းပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။

၂၀၁၂ မှာ ကျွန်မ ဒီမိုကရက်တစ် ပါတီ မြန်မာကို ကျွန်မ လမ်းခွဲခဲ့ပါတယ်။ ဘာကြောင့် လမ်းခွဲခဲ့တာလဲဆိုတဲ့ အခါကျတော့ အဲ့ဒီအချိန်က ကျွန်မ မီဒီယာများကို ပွင့်ပွင့်လင်းလင်း မပြောခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မ အရိပ်ခိုခဲ့တဲ့ ပါတီဖြစ်တဲ့အတွက် တစ်ခါ အရိပ်ခိုပြီးရင် ကျေးဇူးသစ္စာဆိုတာ စောင့်သိဖို့ိ လိုပါတယ်လို့ ကျွန်မခံယူပါတယ်။ ဒါကြောင့် မီဒီယာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့ခြင်း မရှိပါဘူး။ ကျွန်မအနေနဲ့ ရိုးရိုးတန်းတန်းပဲ နှုတ်ဆက်ခွဲခွာပြီးတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အနေနဲ့ လွှတ်တော်ထဲမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

 

တစ်သီးပုဂ္ဂလ ကိုယ်စားလှယ ်တစ်ယောက်အနေနဲ့ လွှတ်တော်အတွင်းမှာ ရပ်တည်ရတဲ့အခါမှာ အားသာချက်၊ အားနည်းချက် အနေနဲ့ကကော ဘယ်လိုရှိလဲရှင့်။

အမှန်အတိုင်း ပြောရမယ်ဆိုရင် လွှတ်တော်ထဲမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ဆိုပြီး ခွဲခြား ဆက်ဆံထားတာ တော့မရှိဘူး။ ကျွန်မအနေနဲ့ ပါတီတစ်ခုကရတဲ့ ကိုတာ အတိုင်းပဲ ကျွန်မရတယ်။ ဥပမာ အားဖြင့်ဆိုရင် ကျွန်မတို့ လွှတ်တော်ထဲမှာနေ့စဉ် Agenda ထွက်တယ်လေ။ Agenda ထွက်လို့ရှိရင် ကျွန်မက တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ဖြစ်လို့ဆိုပြီးတော့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ဆွေးနွေးချက်တွေပဲ ထည့်တာလည်း မဟုတ်ဘူး။

ကျွန်မတစ် သီးပုဂ္ဂလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ကျွန်မ နေရာရတယ်။ အဲ့တော့ သာမန်နိုင်ငံရေး ပါတီက ပြောခွင့်ဆိုခွင့် ရတယ်ပေါ့နော်။ Agenda တစ်ခုအမြဲတမ်း ကိုယ့်ဘက်ကလုပ် ရင်ပေ့ါနော်။ ကိုယ့်ဘက်က မတင်ရင်တော့ နိုင်ငံရေး ပါတီ ကြီးကြီး၊ ငယ်ငယ်၊ရွယ်ရွယ် ဒီအခွင့်အရေးကိုရမှာ မဟုတ်ဘူး။

ကိုယ်ကသာတင်ပါ။ ကိုယ့်ကသာ အားထုတ်ပါ။ တစ်သီးပုဂ္ဂလ ဖြစ်လို့ဆိုပြီးတော့ လွှတ်တော် Agenda မှာ ဖယ်ထားပြီး လုပ်တယ်ဆိုတာ မရှိပါဘူး။ အခု လွှတ်တော်သက်တမ်း ပေါ့လေ နောက်လွှတ်တော် သက်တမ်းကတော့ ဘယ်လိုလာမလဲ မသိဘူးပေါ့လေ။ ဒါပေမယ့် တကယ်လို့များ နောင်လွှတ်တော်သက်တမ်းမှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို ခွဲခြား ဆက်ဆံတာတွေများ ရှိလာခဲ့မယ် ဆိုလို့ရှိရင်လည်း အဲ့ဒါကို အမြစ်ဖျက် ချေမှုန်းပစ်မှာပါ။  ကျွန်မ ဥပဒေတွေ ရေးဆွဲသွားပါမယ်။ ဒါတွေဆက်လုပ်သွားပါမယ်။

အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဆိုလည်း ဆရာမ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့ပဲ ဝင်ပြီးတော့ယှဉ်ပြိုင် အရွေးချယ်ခံမှာပေါ့နော်။ အဲ့ဒီမတိုင်ခင်တုန်းက ဆရာမအနေနဲ့  NLD ပါတီကနေ ဝင်ရောက်အရွေးချယ်ခံဖို့ကို စီစဉ်ခဲ့သေးတယ်လေ။ NLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ သူတို့မသတ်မှတ်ပေးနိုင်တဲ့ အပေါ်မှာ ဆရာမရဲ့ သဘောထားက ဘယ်လိုရှိလဲရှင့်။

ပုထုဇဉ်ဆိုတော့ ဝမ်းနည်းတာပေါ့လေ၊ ကိုယ့်ကို ဖိတ်ခေါ်ခဲ့ပြီးတော့ပေါ့နော် အချိန်တန်ကျတော့ ပြည်သူလူထု မျှော်လင့်သလို ကျွန်မ မျှော်လင့်သလို ဖြစ်မလာဘူးဆိုတော့ ပုထုဇဉ်ပီပီ ဝမ်းနည်းတာ ပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ဟာ ဝမ်းနည်းခြင်းနဲ့ပဲ နိုင်ငံရေးကို ဖြတ်သန်းလို့ မရပါဘူး။ ဒီနေရာမှာကျွန်မ နိုင်ငံရေးကနေ ထွက်သွားမယ်ဆိုရင် ဒါနိုင်ငံရေးကို ကျွန်မအနိုင် ပိုင်းပြီး ထွက်သွားလို့ရပါတယ်။ ဒါပေမဲ့ကျွန်မ မထွက်ပါဘူး။

ကျွန်မဆက်ပြီးတော့ ကျွန်မ ဦးတည်ချက်က ဘာလဲဆိုတော့ ပြည်သူလူထု စီးပွားကို အမြဲတမ်း ဒါရှေ့တန်းတင်ပြီးတော့ ဆောင်ရွက်နေဖို့ အရေးကြီးတယ်။ အဲ့တော့ ဘယ်နေရာက ပါရပါရ ပေါ့နော်၊ ကျွန်မ ပါရမယ်ဆိုပြီးတော့ ဒီဆုံးဖြတ်ချက်ကို ချတာဖြစ်ပါတယ်။ ဒီနေရာမှ တချို့ အထင်လွဲတာ ရှိတယ်။ ကျွန်မက ဒီပါတီက ကျွန်မကို ကိုယ်စားလှယ်လောင်း အဖြစ်ခေါ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်မကNLD ပါတီဝင် ဖြစ်သွားတယ်လို့ တချို့ကလွဲမှားစွာ ခံယူလိုက် တာလဲရှိတယ်။ အမှန်တော့ မဖြစ်ပါဘူး။ ကျွန်မက အတိအလင်းပြောပါတယ်။ ကျွန်မက ဒီNLD ပါတီရဲ့ ကိုယ်စာလှယ်လောင်းအဖြစ် ကမ်းလှမ်းလို့ လက်ခံပြီး လျှောက်လွှာ တင်ခဲ့သော်လည်းပဲ NLD ပါတီဝင် မဖြစ်ခဲ့ပါဘူး။ NLD ပါတီဝင်အနေနဲ့ ကျွန်မ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရခြင်း မဟုတ်ပါဘူး။ ဒါအားလုံးပေါ့နော်၊ တချို့လည်းသိတယ်၊ တစ်ချို့လည်း မသိဘူးပေါ့နော်။

 

အရင်တစ်ခေါက် ရွေးကောက်ပွဲတုန်းကလည်း ပါဝင်ပြီး အရွေးချယ်ခံခဲ့တယ်။ အရွေးချယ် ခံရလို့လည်း ကိုယ်စားလှယ်ဖြစ်ခဲ့ ပြီးပြီ။ အဲ့တော့ အဲ့ဒီတုန်းက အတွေ့ ကြုံအနေနဲ့ ပေါ့နော် အဲ့တုန်းက အခက်ခဲတွေ၊ စိမ်ခေါ်မှုတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို အတွေ့အကြုံတွေ ရှိခဲ့လဲရှင့်။

အဲ့ဒီ့တုန်းက နိုင်ငံရေး အခြေနေအနေနဲ့ အခုအခြေအနေနဲ့ အရမ်းကိုကွာသွားပြီ။ ၂၀၁၀တုန်းက နိုင်ငံရေး အခြေအနေက ပြည်သူလူထုက Pamphlet ဝေလို့ရှိရင် မယူရဲတဲ့ အခြေအနေအထား၊ နောက်ပြီးတော့ အခုနက ကျွန်မတို့ပြောတဲ့ ဦးဆောင် အတိုက်အခံပါတီကြီး NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ် ဆိုတော့ ဒီဟာကို မဲရုံ သွားဝင်ရုံတင်ကို NLD သစ္စာ ဖောက်ရာရောက်တယ် ဆိုတဲ့အတွေး ပြည်သူလူထု တော်တော်များများမှာ ရှိတယ်။

ဒါ့ကြောင့်မို့လို့ ပြည်သူလူထုကို မဲရုံကိုလာပြီး မဲပေးဖို့ စည်းရုံးရတာ အင်မတန် ခက်ပါတယ်။ အဲ့လိုခက်တဲ့ အနေအထားမှာကို ကျွန်မတို့ လုပ်ခဲ့ရတာ တော်တော် ခက်ပါတယ်။ အဲ့ဒီ့ အချိန်တုန်း က ပြည်သူလူထုက အရမ်းကြောက်နေတယ်။ အစိုးရကလည်း ပါတီစုံရွေးကောက်ပွဲကို လုပ်ဖူးတဲ့ အစဉ်အလာ အတွေ့အကြုံမရှိဘူး။ အဲ့တော့ ကော်မရှင်အသီးသီးက လုပ်ထုံးလုပ်နည်းတွေ နားမလည်ဘူး။ တကယ်ကိုပဲ တစ်ခုနဲ့ တစ်ခုလုပ်တာတွေ ရှေ့နောက်မညီတာတွေ အများကြီး ရှိသေးတယ်။ ဒါ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ကိုယ်တိုင်ကိုက ဝန်ခံခဲ့တယ်။

၂၀၁၀မှာ အမှားတွေ အများကြီးရှိခဲ့တယ်။ အဲ့တော့ အမှားတွေ များစွာထဲက ကျွန်မတို့ ဝင်ရောက် ရွေးချယ်ခံခဲ့တယ်။ ကျွန်မတို့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တယ်။ နောက်ဆုံတော့ ပြည်သူက ကျွန်မတို့ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးခဲ့တယ်။ ပြည်သူရဲ့ အဆုံးအဖြတ်ကို ကျွန်မတို့ လိုက်နာမှာပဲလေ။ ဒါ့ကြောင့်မို့ ဘယ်လောက်ပဲ အခက်အခဲတွေ၊ အတားအဆီးတွေ ရှိနေပါစေ၊ နောက်ဆုံးမှာတော့ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်က ဒါပဌာနပါပဲ။ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်သည် ပြည်သူလူူထုရဲ့ အနာဂါတ်ပါပဲ။ ပြည်သူလူထုအနာဂါတ် လှပမလား မလှပမလား ဆိုတာ ပြည်သူလူထုရဲ့ ရွေးချယ်မှု အပေါ်မှာမူတည်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ စစ်မှန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်လိမ့်မယ်လို့ ကျွန်မက အထူး အ လေးထား ယုံကြည်ထားပါတယ်။

 

အခုလာမယ့်ရွေးကောက်ပွဲမှာရော ဆရာမအနေနဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ ရမယ်လို့ ထင်သလဲ။

အထူးသဖြင့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မ ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာလိုက်ကတည်းကိုက ပေါ့နော် ကျွန်မရဲ့ မဲဆန္ဒနယ်ထဲမှာ ပေါ့နော် တချို့သော ပုဂ္ဂိုလ်များက စာရွက် လိုက်ဖြန့်တာတွေရှိတယ်။ ဥပမာ ကျွန်မကဘာသာ တစ်ခုရဲ့ ဆန့်ကျင်ဘက်ဆိုတဲ့ သဘောမျိုးပေါ့နော်။ ကျွန်မဟာ လူမျိုးခြား တစ်ယောက် ဆိုတာ မျိုးတွေပေါ့နော်။ အဲ့လိုမျိုး ဝါဒဖြန့်ချိမှုတွေ လုပ်ပါတယ်။ မနက်လင်းအားကြီး ၁နာရီ ၂နာရီလောက်မှာ ဝင်ရောက်ပြီး စာရွက်ဖြန့်သွားတာတွေ ပေါ့နော် ဒါမျိုးတွေရှိပါတယ်။

ဒီလူမှု ဆိုရှယ်မီဒီယာတွေလည်းပဲ ဘက်ပေါင်းစုံကနေ ကျွန်မကို ထိုးနှက်တိုက်ခိုက်မှုတွေ အဲ့ဒီ အချိန်ထဲက ထွက်လာတာပေါ့နော်။ ကျွန်မရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာလိုက်ကတည်းကိုက ဒါတွေက ထွက်လာတာပေါ့။ ဒါတွေဟာ အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အမျိုးသမီး တစ်ယောက်ဆိုရင် လူ့အဖွဲ့အစည်းက ဘယ်လို သတ်မှတ်ထားသလဲ ဆိုတဲ့ အခြေခံ စံနှုန်းတွေအပေါ်ကို မူတည်ပြီးတော့ ဒီလို လူမှုရေး တိုက်ခိုက်မှုတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပေါ်လာတာပေါ့နော်။

ဒါပေမဲ့လည်း အဲ့ဒီလို ဘယ်လောက်ပဲ ထွက်လာလာ ကျွန်မနဲ့ နီးစပ်တဲ့ ပြည်သူလူထုက ကျွန်မအကြောင်း ကောင်းကောင်းသိနေတယ်။ နောက်ပြီးတော့ ကျွန်မကလူထုနဲ့လည်း တစ်သီး တသန့်ကြီး နေနေတာမရှိဘူး။ ကျွန်မလွှတ်တောက်တက်တဲ့ ပုံစံကအစ လွှတ်တော်ကိုလာတဲ့ မီဒီယာ ကလေးတွေနဲ့ သိပ်မကွာဘူး။ ဟန်ကြီးပန်ကြီးလည်း ကျွန်မက သိပ်မလုပ်တတ်တဲ့ အခါကျတော့ ကျွန်မက လူထဲကလူပဲ အမြဲဖြစ်နေတယ်။ အဲ့ဒါက ကျွန်မရဲ့ အားသာ ချက်ပေါ့နော်။ အဲ့တော့ လူထဲကလူပဲ ဖြစ်နေတဲ့အတွက်ကြောင့် လူတွေရဲ့ အသံလည်းသိတယ်။ လူတွေကလည်း အပြန်အလှန်အနေနဲ့ ကျွန်မအကြောင်းကို ကောင်းကောင်း သိကြတာ များတယ်ပေါ့။

အဲ့တော့ ကျွန်မကို ဘယ်လို လက်ဖက်ရည်ဆိုင်မျိုးမှာမဆို တွေ့နိုင်တယ်။ လမ်းဘေးဆိုင်လည်း တွေ့နိုင်တယ်ပေါ့နော်။ ပြည်သူလူထုက ကျွန်မကို ဘယ်လိုနေရာမျိုးမှာ မဆိုတွေ့နိုင်တယ်ပေါ့နော်။ ကျွန်မကို ဖုန်းဆက်ပြီး ချိန်းလိုက်တာနဲ့တင် ကျွန်မကို သူတို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်မှာ သူတို့ ကျွန်မကိုတွေ့နိုင်တဲ့ အနေအထားရှိတယ်ပေါ့နော်။ ဒါကလည်း ကျွန်မနဲ့ ပြည်သူလူထုကို သွေးကွဲအောင် လုပ်လို့မရတဲ့ အချက်ထဲမှာ ရပ်တည်နေတယ်။

အမျိုးသမီး ကိုယ်စားလှယ် တစ်ယောက်ဆိုပြီးတော့ သာမန် တိုက်ခိုက်နည်းတွေနဲ့ တိုက်ခိုက်လို့ မရတဲ့ ကျွန်မရဲ့ အားသာချက်တွေ ဖြစ်နေတယ်။ ဒီလိုအားသာချက်တွေ ရှိမထားဘူးဆိုရင် သာမန်အမျိုးသမီး ကိုယ်စားလှယ်တစ်ယောက် ဆိုရင်တော့ ကျွန်မတို့ရဲ့ ပြိုင်ဘက်တွေကနေ နည်းအမျိုးမျိုး တိုက်ခိုက်တာတွေ မလွဲမသွေ ခံရလိမ့်မယ်။

 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဆိုရင်တော့ အမျိုးသမီး ကိုယ်စားလှယ်တွေ အနေနဲ့ ပါဝင် ယှဉ်ပြိုင် တာတွေလည်း နည်းခဲ့တယ်။ လွှတ်တော်ထဲမှာလည်း အမျိုးသမီး ကိုယ်စားလှယ် နည်းတာပေ့ါ။ အခုတစ် ခေါက်မှာတော့ အရေအတွက် အရဆိုရင် ပိုပြီးတော့ များလာတာကို တွေ့ရပါတယ်ရှင့်။ အဲ့တော့ လွှတ်တော်အတွင်းမှာ အမျိုးသမီး ကိုယ်စားလှယ်တွေ အများစု ပိုပြီးတော့ ပါဝင်လာခြင်းအားဖြင့် တိုင်းပြည်အတွက် ဘယ်လိုမျိုး ထူးခြားပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်တော့ ပါစေချင်တယ်။ ဒါပေမယ့် အခု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေ အရေအတွက်ကို ကြည့်လိုက်တော့ ၁၄ ရာခိုင်နှုန်းပဲ ရှိတယ်။ အဲ့တော့ ကျွန်မတို့က ၁၄ ရာခိုင်နှုန်းစလုံး အကုန်တော့ ရမယ်မထင်ဘူး။ ကျွန်မထင်တယ်။ ၁၀ ရာခိုင်နှုန်းတောင် ရပါ့မလားလို့ စိုးရိမ်တယ်ပေါ့နော်။ ဘယ်လောက်ပဲဖြစ်ဖြစ် ၁၀ %  ပဲ ရရင်တောင်မှ အထူးအလေးထားပြီးတော့ အမျိုးသမီးရေး ကိစ္စတွေ လုပ်သွားမယ်။

အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက်မှုမှ ကာကွယ်ရေးကိစ္စကို ကျွန်မတို့ အထူးအလေးထားပြီး ဖြေရှင်းရမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ နည်းအမျိုးမျိုးနဲ့ အကြမ်းဖက် ခံနေရတယ်ပေါ့နော်။ အဲ့ဒီအတွက်ကို ထိရောက်တဲ့မူတွေ ခုထက်ထိ မရှိသေးဘူး။ ကျွန်မတို့ရဲ့ အာဆီယံ ၉ နိုင်ငံက ရှိပြီးပြီ။ ၁၀ နိုင်ငံမှာ ကျွန်မတို့ ၁ နိုင်ငံကပဲ မပြဋ္ဌာန်း ရသေးတာ။ ဒါဟာ ကျွန်မတို့အတွက် ရှက်စရာကောင်းတယ်။

ဒါကြောင့်မို့လို့ အာဆီယံ နိုင်ငံရဲ့ခေါင်းဆောင် တစ်ခုအနေနဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးဆိုင်ရာဥပဒေတွေ ရေးဆွဲဖို့ဆိုလို့ရှိရင် လွှတ်တော်ထဲကို အမျိုးသမီးတွေ အများကြီး ရောက်မှဖြစ်မယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲကို အမျိုးသမီးတွေ အများကြီး ရောက်ဖို့အတွက် လူထုက ကျွန်မတို့အမျိုးသမီးထုကို စဉ်းစားကြပါ။

လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပါခြင်းအားဖြင့် ကျွန်မတို့ရဲ့ ပြည်သူဘဝက လုံခြုံစိတ်ချ ရပါတယ်။ ဒါဟာ ခိုင်မာတဲ့သက်သေတွေ ရှိပြီးပြီ။ နိုင်ငံတကာမှာ သုတေသနတွေ လုပ်ထားတာ အများကြီးရှိတယ်။ အမျိုးသမီးတွေ လွှတ်တော်ထဲပါလု့ိရှိရင် အမျိုးသမီးဆိုတဲ့ သဘောက သူက ပြည်သူကို Service ပေးဖို့ အရမ်းအားသန်တယ်။ သူက ပြည်သူဆီက ယူဖို့ထက် ပြည်သူကို ပေးဖို့စိတ်က ပိုများတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အများကြီး ပါခြင်းအားဖြင့် ပြည်သူကို ပေးတဲ့ လွှတ်တော်တွေ ဖြစ်လာမှာသေချာတယ်။ ပြည်သူ့ဆီကယူတဲ့ လွှတ်တော်မဟုတ်ဘဲနဲ့ ပြည်သူကို ပေး တဲ့လွှတ်တော်တွေ ဖြစ်လာမှာ သေချာတယ်ပေါ့နော်။ ဒါကြောင့်မို့ိလို့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် များများကို လွှတ်တော်ကို အရောက်ပို့ပေးပါလို့ ကျွန်မ လူထုကြီးကို မေတ္တာရပ်ခံပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly