နိုင်ငံရေးဆွေးနွေးပွဲတွင် ကိုယ်စားပြု ပါ၀င်မည့် အချိုးအပေါ် အစိုးရ၏ သတ်မှတ်ချက် မသိရသေး

နိုင်ငံရေးဆွေးနွေးပွဲတွင် ကိုယ်စားပြု ပါ၀င်မည့် အချိုးအပေါ် အစိုးရ၏ သတ်မှတ်ချက် မသိရသေး

ရန်ကုန် စက်တင်ဘာ ၁၁ ။             ။ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးသင့်သည့် ကိုယ်စားပြုအချိုးအပေါ် အစိုးရဖက်ကသတ်မှတ်ထားခြင်း မရှိ သေးကြောင်းမြန်မာ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးဌာန MPC အထူးအကြံပေး ဦးလှမောင်ရွှေက စက်တင်ဘာ ၁၁ ရက်တွင် မဇ္ဈိမကိုပြောသည်။

စက်တင်ဘာ ၁၁ရက် နံနက် ၉နာရီခွဲ၊ MPC တွင်ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီး ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများအပေါ် သတင်းစာရှင်းလင်းပွဲမှ မဇ္ဈိမ၏မေးမြန်းမှု ကိုပြန်လည် ဖြေကြားခြင်းလည်းဖြစ်သည်။

"အရေးကြီးတာက အားလုံးလက်ခံနိုင်ဖို့ နောက်ဆုံးလက်မှတ်ထိုးပြီးလုပ်တဲ့ တရားဝင်အစည်းအဝေးမှာသူတို့ တင်ပြလိမ့်မယ်။ တင်ပြလည်း တင်ပြတဲ့အတိုင်း ဖြစ်ချင်မှဖြစ်မယ်။ အားလုံးညှိတဲ့အဖြေဖြစ်မယ်။ အခုတောင် သမ္မတက ၂၉ရက်လို့ပြောတယ်။ သူပြောတဲ့အတိုင်းမလုပ်ရဘူး ညှိရတယ်။ အဲဒီသဘောအတိုင်းပဲ။" ဟု ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်များဖက်က နိုင်ငံရေးဆွေးနွေးမှုတွင် အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်မှ ၃၃ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီများမှ ၃၃ ရာခိုင်နှုန်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များမှ ၃၃ ရာခိုင်နှုန်းတို့ ပါဝင်ဆွေးနွေး ရန် ၎င်းတို့၏ နိုင်ငံရေးမူဘောင်အကြမ်းကို ပေးပို့ထားကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရေးထိုးပြီးသည်နှင့် ၂၄နာရီအတွင်း စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်များကို နှစ်ဖက်သက်ဆိုင်ရာ တပ်မှုးများထံအကြောင်းကြားခြင်း၊ ၅ရက်အတွင်း စာချုပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အဆင့်ဆင့် သို့ ရှင်းလင်းခြင်း၊ ၁၄ရက်အတွင်း အပစ်ရပ်စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ကို ဆောင်ရွက်ရမည်ဟု NCA တွင် ပါရှိသည်။

ယင်းအပြင် ရက်ပေါင်း ၃၀အတွင်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ စောင့်ကြည့်လေ့လာရေးကော်မတီလုပ်ငန်းလမ်းညွှန်ကို အကောင်အထည်ဖော်ခြင်း၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးမူဘောင်ရေးဆွဲခြင်းနှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးမှုများကို စတင်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။

"စာချုပ်ပါအတိုင်း နိုင်ငံရေးမူဘောင်ကို ရက်ပေါင်း ၆၀အတွင်းရေးရမယ်ဆိုတာအတော်ခက်ခဲတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာပဲအပြိုင် မူဘောင်အတွက် ဆွေးနွေးခဲ့တယ်။ အဲဒီထဲက အချက် ၇၅ ရာခိုင်နှုန်း လောက်ပြီး ပြီ။ ပါဝင်မယ့်အချိုးကို ဆွေးနွေးဖို့လောက်ပဲ ကျန်တော့တယ်။" ဟု MPC ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးဌာန ညွှန်ကြားရေးမှုး ဦးအောင်နိုင်ဦးက ပြောသည်။

နိုင်ငံရေးပါတီ ၅၆ ပါတီ၊ UNA တိုင်းရင်းသားလူမျိုးများမဟာမိတ်၊ အာဏာရပါတီ ပြည်ခိုင်ဖြိုးနှင့် အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကလည်း နိုင်ငံရေးမူဘောင်မူကြမ်းများ ရေးဆွဲထားသည်ကို သိထားရသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အစိုးရအဆိုပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့နှင့် အစိုးက NCA ကို အောက်တိုဘာပထမပတ်အတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိသည်ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags