မြန်မာ-ထိုင်း ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်ရေး လက်မှတ်ထိုး

မြန်မာ-ထိုင်း ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်ရေး လက်မှတ်ထိုး

မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်တို့အကြား မိုရေးမြစ်ကို ဖြတ်လျက်  ဒုတိယမြောက် တံတားတစ်စင်းကို တည်ဆောက်ရန် နှစ်နိုင်ငံတာဝန်ရှိသူများအကြား စက်တင်ဘာ ၁၀ ရက်က သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

ဘတ်ငွေ ၃ ဒသမ ၉၁ ဘီလျံကုန်ကျမည့် အဆိုပါ တံတားအား ထိုင်းနိုင်ငံအဝေးလမ်းများဌာနက တည်ဆောက်သွားမည်ဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် လက်မှတ်ရေးပွဲနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးအာခွန်တမ်ပစ်တေအပါဆစ်က “ထိုင်းနဲ့ မြန်မာနိုင်ငံအကြား လမ်းပမ်း ဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် အပြန်အလှန်သွားလာလည်ပတ်သူနှင့် ကုန်စည် စီးဆင်းမှုကို ကောင်းမွန်လာစေပြီး မဲဆောက်အထူးစီးပွားရေးဇုန်အတွက် အထောက်အပံ့ရစေမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ယခုလက်မှတ်ရေးထိုးသည့် စီမံကိန်းတွင် ထိုင်နှင့်မြန်မာနှစ်ဖက်စလုံး လမ်းများတည်ဆောက်ရေးအတွက် ဘတ် ၁ဒသမ ၈ ဘီလျံ၊ တံတားသစ်အတွက် ဘတ်သန်း၈၀၀နှင့် နယ်စပ်စစ်ဆေးရေးဂိတ် အဆောက်အအုံများအတွက် ဘတ် ၁ ဘီလျံ ကုန်ကျမည်ဖြစ်သည်။

မြန်မာဘက်ခြမ်းအတွက် တည်ဆောက်ရေးကုန်ကျစရိတ်သည် ဘတ်သန်း ၃၁၀ ရှိပြီဖြစ်ပြီး စီမံကိန်း တစ်ခုလုံးအတွက် ၂နှစ်သတ်မှတ်ထားသည်။

အဆိုပါ တံတားနှင့် လမ်းသည် ထိုင်းနိုင်ငံကိုဖြတ်လျက် လာအိုနှင့်ဗီယက်နမ်တို့ အကြား ဆက်သွယ်မည့် လမ်းကြောင်း အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly