မြန်မာ့တပ်မတော်သည် အစ္စရေးတပ်မတော် ပူးပေါင်း

မြန်မာ့တပ်မတော်သည် အစ္စရေးတပ်မတော် ပူးပေါင်း
Photo - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစ္စရေးသမ္မတ Mr.Reuven Rivlin

စက်တင်ဘာ ၁၁ ရက် ။            ။ မြန်မာနိုင်ငံအနေဖြင့် ရန်သူနိုင်ငံဟူ၍ မရှိသော်လည်း မိမိနိုင်ငံကိုကာကွယ်ရန်အတွက် တပ်မတော်ကိုစွမ်းရည်ရှိရန် တည်ဆောက်နေပြီး အစ္စရေးတပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် အစ္စရေးသမ္မတ Mr.Reuven Rivlin နှင့် ဂျေရုစလင်မြို့ရှိ သမ္မတအိမ်တော်၌ တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်ကို တည်ဆောက်ရာတွင် တိုင်းပြည်အတွက် အသက်ပေးမည်ဆိုသည့် စိတ်ဓာတ်ကို လေ့ကျင့်ပြီး မွေးမြူ ပေးရသည်ဟုလည်းဆိုသည်။

အာရပ်နိုင်ငံများ ဝိုင်းရံထားသည့် အစ္စရေးနိုင်ငံ တည်ရှိရေးကို မြန်မာနိုင်ငံက အသိအမှတ်ပြုသကဲ့သို့ အစ္စရေးသမ္မတ ကလည်း မြန်မာ့တပ်မတော်သည် နိုင်ငံအတွက်အရေးပါသောကဏ္ဍ၌ ရှိနေသည်ကို လက်ခံထားသည်။

မြန်မာနိုင်ငံနှင့် အစ္စရေးနှစ်နိုင်ငံအကြား ၁၉၅၀ ခုနှစ်ကလများကဲ့သို့ ချစ်ကြည်ရင်းနှီးမှု အခြေအနေသို့ ပြန်ရောက်စေရန် ပြန်လည်တည်ဆောက်သွားမည်ဟုလည်း အစ္စရေးသမ္မတက မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ပြောကြားသည်။

၁၉၅၅ ခုတွင် ဝန်ကြီးချုပ်ဦးနု အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ အိမ်စောင့်အစိုးရလက်ထက် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၉ ခုနှစ် တွင်တစ်ကြိမ် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ၁၉၆၁ ခုတွင် အစ္စရေးဝန်ကြီးချုပ် David Ben Gurion က မြန်မာသို့ လာရောက်လည်ပတ်သည်။

မြန်မာ့တပ်မတော်အနေဖြင့် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စေရန် အခက်အခဲများကြားမှ အစွမ်းကုန်ကြိုးစားသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများသည် ၁၉၄၈ ခု လွတ်လပ်ရေးရပြီးနောက် ရွေးကောက်ပွဲကာလ ၂၀၁၀ ခုအထိ ၆၂ နှစ်တာတွင် ၁၉၆၂ မတိုင်မီ ပါလီမန်ဒီမိုကရေစီရှိခဲ့သော်လည်း တပ်မတော်နှင့် တစ်ပါတီအုပ်ချုပ် မှုအောက်တွင် ၄၈ ရှိနှစ်ကြာ နေခဲ့ရသည်။ ပါတီစုံဒီမိုကရေစီ၏ အတွေ့အကြုံမှာ ၂၀၁၀ မှစတွက်လျင် ၅ နှစ်သာ ရှိသေးသည်။

အစ္စရေးသမ္မတက ဒီမိုကရေစီသည် ခေတ်စားနေသော်လည်း ပြည်သူလူထုကို ကာကွယ်ရန်မှာ အဓိကကျကြောင်း ဗိုလ်ချုပ်မှူးကြီးအား ပြောကြားသည်။ ပြည်သူလူထုနားလည်ပြီး အတွေ့အကြုံများ ရရှိစေကာ ဒီမိုကရေစီကို အကောင်းဆုံး တည်ဆောက်ရမည်ဟုလည်းဆိုသည်။ အစ္စရေးနိုင်ငံအနေနှင့်မူ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းအဖြစ် ရပ်တည်သွား မည်ဟုဆွေးနွေးသည်။

အစ္စရေးသမ္မတနှင့် တွေ့ဆုံပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်မောင်မောင်အေး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် မိုးအောင်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် အစ္စရေးနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးအေးတို့လည်း တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် အစ္စရေးနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Moshe Yaalon ၏ ဖိတ်ကြားချက်အရ အစ္စရေးနိုင်ငံ၏ အကြီးစားစက်မှုလက်မှု လုပ်ငန်းများကို လေ့လာရန် အစ္စရေးနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

နှစ်ပေါင်း ၆၀ အတွင်း နိုင်ငံကိုယ်စားပြု တပ်မတော်အကြီးအကဲတစ်ဦး၏ ပထမဦးဆုံးခရီးစဉ်အဖြစ် စက်တင်ဘာ ၆ ရက်နေ့မှစတင်ခဲ့ပြီး ၄ ရက်ကြာသည့် ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ ကာကွယ်ရေး ဝန်ကြီး၊ တပ်မတော်စစ်ဦးစီးချုပ် အပါအဝင် စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ စက်ရုံများအား လေ့လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော် (ရေ) အတွက် အစ္စရေးနိုင်ငံမှ မှာယူထားသည့် ကမ်းရိုးတန်းသွား ကင်းစောင့်အမြန်ရေယာဉ်ကိုလည်း စီးနင်းလေ့လာခဲ့သေးသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် အစ္စရေးသမ္မတအား ဂါရဝပြုတွေ့ဆုံပြီးနောက် စက်တင်ဘာ ၉ ရက်ညပိုင်း ကမြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာပြီဖြစ်သည်။ လေဆိပ်တွင် အစ္စရေးနိုင်ငံ Directorate of Security for Defense Establishment ၏ အကြီးအကဲ Mr. Amir Kain နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly