အဲရစ်ဒီယာကို စပါးအသင်း ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

အဲရစ်ဒီယာကို စပါးအသင်း ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆို

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ကစားသမား အဲရစ်ဒီယာကို ငါးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း စပါးအသင်းက ထုတ်ပြန် ကြေညာခဲ့သည်။ စပါးအသင်းသည် ဒီယာကို ၂၀၁၄ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းဖြင့် စပို့တင်းလစ္စဘွန်း အသင်းထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ စာချုပ်သစ်ကြောင့် ဒီယာသည် စပါးအသင်းတွင် ၂၀၂၀ ခုနှစ်အထိ ရှိနေတော့မည် ဖြစ်သည်။

ဒီယာသည် နောက်ခံကစားသမား တစ်ဦးဖြစ်သော်လည်း နည်းပြပိုချက်တီနိုက ယခုနှစ်တွင် ၎င်းကို အလယ်တန်း အဖျက်ကစားသမား နေရာတွင် ပွဲထုတ်ခဲ့သည်။ ဒီယာသည် နောက်တန်းတွင် ခြေစွမ်းပြ ကစားနိုင်သလို အလယ်တန်းတွင်လည်း အကောင်းဆုံး ခြေစွမ်းပြ ကစားလျက်ရှိသည်။

ဒီယာ၏ တိုးတက်မှုနှင့် ပတ်သက်၍ ပိုချက်တီနိုက “အလယ်တန်းမှာ သက်သောင့်သက်သာပဲ သူ ကစားနိုင်ပါတယ်။ ဒီယာဟာ ကွင်းအတွင်း မတူညီတဲ့ နေရာတွေမှာ ကစားနိုင်စွမ်းရှိသူပါ။ ပြီးခဲ့တဲ့ ရာသီက နောက်ခံအစွန်လူအဖြစ် ကစားခဲ့တုန်းကလည်း အဖွင့်နှစ်ပွဲမှာတင် နှစ်ဂိုး သွင်းပြခဲ့ပါတယ်။ သူက နောက်ခံ အလယ်လူအဖြစ်လည်း ကစားနိုင်ပါတယ်။ ဒီလို ကစားနိုင်စွမ်းရှိတာက ဒီယာအတွက် အလွန်ကောင်းပါတယ်။ သူရဲ့ အသက်က ငယ်ရွယ်သေးတာကြောင့် အများကြီး တိုးတက်လာဦးမှာပါ” ဟု ပြောသည်။

အသစ်ဝယ်ယူထားသည့် တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်းအတွက် အလုပ်လုပ်ခွင့်ပါမစ် ရရှိပြီဖြစ်ကြောင်းလည်း စပါးအသင်းက အတည်ပြု ကြေညာခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly