စောဂေါ်မူဒို၏ စိန်ခေါ်မှုကို အလွတ်တန်း လက်ဝှေ့ကျော် တူးတူး ကြိုဆို

စောဂေါ်မူဒို၏ စိန်ခေါ်မှုကို အလွတ်တန်း လက်ဝှေ့ကျော် တူးတူး ကြိုဆို

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူ လက်ဝှေ့အားကစားရုံ၌ မြန်မာ့ ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတစ်ပွဲ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတွင် အဓိက တွဲဆိုင်းတစ်ခုအဖြစ် တူးတူးနှင့် စောဂေါ်မူဒိုတို့ ထိုးသတ်မည်ဖြစ်ကာ စောဂေါ်မူဒို၏ စိန်ခေါ်မှုအပေါ် အလွတ်တန်း လက်ဝှေ့ကျော် တူးတူးက ဖိတ်ခေါ် ကြိုဆိုလိုက်သည်။

စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်မည့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို T & T Group နှင့် Naing Moe Entertainment တို့က ပူးပေါင်းစီစဉ်ပြီး အဓိက စပွန်ဆာအဖြစ် Victory Myanmar Group (Madalay Rum) မှ အဓိက ကူညီထားသည်။

အဆိုပါ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ထူးခြားချက်တစ်ခုအဖြစ် အမျိုးသမီးလက်ဝှေ့ တွဲဆိုင်း နှစ်ဆိုင်း ပါဝင်မည်ဖြစ်ပြီး အမျိုးသားလက်ဝှေ့ တွဲဆိုင်း ကိုးဆိုင်း ပါဝင်မည်ဖြစ်သည်။

အမျိုးသားလက်ဝှေ့တွဲဆိုင်း အဓိက တွဲဆိုင်းနှစ်ခုအဖြစ် သွေးသစ်အောင်(နဂါးနီ)နှင့် စိုးလင်းဦး (ဒို့ရိုးရာ)၊ တူးတူး(နဂါးမာန်)နှင့် စောဂေါ်မူဒို(သတ္တိ)တို့ ထိုးသတ်ကြမည် ဖြစ်သည်။

သတ္တိကလပ်မှ စောဂေါ်မူဒိုသည် ဖျံသွေး၊ စောငမန်း စသည့် လက်ဝှေ့ ကျော်များနှင့် ထိုးသတ် ခဲ့ပြီး ပထမတန်းသို့ တက်ရောက်နိုင်ရန် ကြိုးစားနေသော မျိုးဆက်သစ် ကစားသမားတစ်ဦး ဖြစ်သည်။

“ဂေါ်မူဒိုကလည်း တက်လာတဲ့ မျိုးဆက်သစ်ပဲ။ ကျွန်တော်တို့နဲ့ အတူတူပဲ တက်လာတာပါ။ ဒါပေမယ့်သူက အရပ် နည်းနည်းပုတယ်။ ထိုးလုံးထိုးပေါက်က ပြောစရာ မရှိပါဘူး။ ကောင်းပါတယ်။ ပထမတန်းတက်လာတဲ့ ဖျံသွေး၊ စိုးလင်းဦး၊ စောငမန်း ထိုးတယ်။ သူ တစ်ဆင့်ချင်း တက်လာတယ်။ ကျွန်တော်တို့ အဲလိုမျိုး မျိုးဆက်သစ်တွေ ကျော်သွားနိုင်အောင် ဖြစ်ဖို့ မျှော်လင့်တယ်။ ကျော်သွားနိုင်ဖို့ ဖိတ်ခေါ်တယ်။ ကျွန်တော်တို့ကို နိုင်ပြီး ပထမတန်းမှာ ချန်ပီယံဖြစ်တဲ့ မျိုးဆက်သစ်တွေ ထွက်ပေါ်လာ ဖို့ ဖိတ်ခေါ်တယ်။ လာထိုးတဲ့အပေါ်မှာလည်း ကြိုဆိုပါတယ်” ဟု အလွတ်တန်း လက်ဝှေ့ကျော် တူးတူးက မဇ္ဈိမကို ပြောလိုက်သည်။

စက်တင်ဘာ ၂၇ ရက်၊ ရန်ကုန်မြို့၊ သိမ်ဖြူ လက်ဝှေ့ အားကစားရုံတွင် ပြုလုပ်မည့် လက်ဝှေ့ ပွဲတွင် ပါဝင်မည့် အမျိုးသမီးတွဲဆိုင်း နှစ်ဆိုင်းမှာ မူမူထွေး(မြွေဟောက်မင်း)နှင့် နော်ခဲျဖော(တိုက်ဂါး)၊ ချယ်ရီ(မြွေဟောက်မင်း)နှင့် နော်စုစုမြတ်(တိုက်ဂါး)တို့ ဖြစ်ကြပြီး အမျိုးသား တွဲဆိုင်းများအဖြစ် သားချောလှ(ရက္ခမဏ္ဍိုင်)နှင့် ထွန်းမင်းအောင်(ထွန်းထွန်းမင်းကလပ်)၊ ထွန်းလွင်မိုး(နဂါးမာန်)နှင့် စောသူရိန် (သတ္တိ)၊ ကျားဗဟိန်း(အလင်းရောင်)နှင့် မျိုးမာန်သစ်(STL)၊ သိန်းစိုး(T&T)နှင့် မိုက်မိုက် (STL)၊ ရဲသွေးနီ(တောင်ကလေး)နှင့် ကျော်ဝင်းအောင် (T&T)၊ စောမိုက်ရိုင်း(ရွှေဖူး)နှင့် စောလှကြည်ထူး (တောင်ကလေး)၊ ဖျံသွေး(ငြိမ်းချမ်းရေး)နှင့် ရှမ်းကို (T&T)၊ သွေးသစ်အောင်(နဂါးနီ)နှင့် စိုးလင်း ဦး(ဒို့ရိုးရာ)၊ တူးတူး(နဂါးမာန်)နှင့် စောဂေါ်မူဒို(သတ္တိ)တို့ ဖြစ်သည်။ အဆိုပါ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ အတွက် ရုံဝင်ကြေးကို ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly