ယူ-၁၉ အသင်းတွင် ဧရာဝတီ လက်ထောက်နည်းပြ ဦးအောင်ခိုင်ကို ထပ်မံအားဖြည့်

ယူ-၁၉ အသင်းတွင် ဧရာဝတီ လက်ထောက်နည်းပြ ဦးအောင်ခိုင်ကို ထပ်မံအားဖြည့်
မြန်မာ ယူ-၁၉ အသင်းလက်ထောက်နည်းပြအသစ် ဖြစ်လာသည့် ဦးအောင်ခိုင်(အလယ်)အား ဧရာဝတီအသင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်

အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတွင် လက်ထောက်နည်းပြအဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဧရာဝတီအသင်း လက်ထောက်နည်းပြ ဦးအောင်ခိုင်အား ထပ်မံ အားဖြည့်ထားသည်ဟု အသင်းမီဒီယာ တာဝန်ခံ ကိုရဲမင်းဝင်း က ပြောသည်။

မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် ဂတ်ဇီဆီဖရိုင်းဒရစ်၊ လက် ထောက်နည်းပြအဖြစ် ဦးညီညီလတ်၊ ဦးအောင်ခိုင်၊ ဂိုးနည်းပြအဖြစ် ဦးအောင်ကျော်ကျော်တို့က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာလ ၄ ရက်မှစ၍ လေ့ကျင့်ပြင်ဆင်မှုများ ပြန်လည် ပြုလုပ်လျက်ရှိသည်။

“ ဧရာဝတီအသင်းက ဦးအောင်ခိုင်ကို လက်ထောက်နည်းပြအဖြစ် အသင်းအတွက် ခေါ်ပြီး အားဖြည့်ထားပါတယ်။ အရင်က ဦးညီညီလတ် တစ်ယောက်တည်း လုပ်နေတော့ နည်းပြချုပ်က အားထပ်ဖြည့်တဲ့ သဘောပါ။ အသင်းကတော့ စက်တင်ဘာ ၄ ရက်ကနေ စပြီးတော့ ပြန်လေ့ကျင့်နေပါပြီ။ ကစားသမား ထပ်ဖြည့်ဖို့လည်း ရှိပါတယ်။ အခုလည်း အသင်းမှာ အရင်ပဏာမ ကစားသမား ခြောက်ဦးလောက် ထပ်ပေါင်းပြီး လေ့ကျင့်နေပါတယ်။ ပြိုင်ပွဲနားနီးမှ တရားဝင် ကစားသ မားစာရင်းကို သတင်း ထုတ်ပြန်ပေးသွားမှာပါ ” ဟု ကိုရဲမင်းဝင်းက ယူ-၁၉ အသင်းနှင့် ပတ်သက်၍ ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲအဆင့် ပြိုင်ပွဲ အုပ်စု (ဆ) ၌ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမော အစရှိသည့် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ပွဲစဉ်များကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားသည်။ ခြေစစ် ပွဲစဉ်များကို စက်တင်ဘာ ၂၈ ရက်မှ စတင်ကာ အောက်တိုဘာ ၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly