သဘာဝဘေးဥပဒ်ဒဏ်ကို လည်စင်းခံနေရတဲ့ ဘဝ

သဘာဝဘေးဥပဒ်ဒဏ်ကို လည်စင်းခံနေရတဲ့ ဘဝ

လွန်ခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ မြန်မာပြည်၏ ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် သဘာ ဝဘေးဥပဒ်ဒဏ်ကို ကြုံတွေ့ ရင်ဆိုင်ခဲ့ကြရသည်။

အဆိုးဝါးဆုံး နယ်မြေများမှာ ကလေးမြို့၊ ဟားခါးမြို့၊ ပွင့်ဖြူမြို့နှင့် စေတုတ္တရာမြို့များမှာ သဘာဝဘေးဥပဒ်ဒဏ် အပြင်းအထန် ခံစားခဲ့ကြရသည်။ မြို့ပေါင်းများစွာ ကျေးရွာပေါင်းများစွာ ရေဘေးဒဏ် ထိခဲ့သည်။ မိသားစုပေါင်းများစွာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးကြရသည်။

ထိခိုက်ခဲ့သည့် သဘာဝဘေးဥပဒ်အန္တရာယ်ကလည်း အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စား ဖြစ်ခဲ့သည်။ မိုးကြီးရေလျှံ ရေကြီးခြင်းနှင့် မိုးကြီး၍ မြေပြိုခြင်းများ ဖြစ်သည်။ လူအသေအပျောက်များ ရှိခဲ့ပြီး တချို့ကျေးရွာများ မြို့များမှာ နဂို မြို့နေရာ ရွာနေရာများတွင် ပြန်လည်အခြေချနေထိုင်ရန်ပင် မလုံခြုံတော့သည့် အနေအထား၊ မသင့်တော်တော့သည့် အနေထား ဖြစ်လာခဲ့သည်။ သည်ကြားထဲ လယ်ယာ ကိုင်းကျွန်းမြေများ ရေလွှမ်းခြင်းကြောင့် ပျက်စီးကြရပြန်သည်။

လယ်ယာကိုင်းကျွန်းလုပ်ငန်းဖြင့် ဘဝရပ်တည်ကြရသူ ကျေးလက်ပြည်သူများမှာ အနာဂတ် ရပ်တည်ရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးနှင့် ကြုံကြရတော့သည်။

သဘာဝဘေးဥပဒ်အန္တရာယ်များ ကျရောက်လာသည့်အခါ အန္တရာယ်ကျရောက်ရာဒေသ ပြည်သူများသည် ခုခံရန် ရှောင်ရှားရန် အဆင်သင့် မဖြစ်ခဲ့ကြပါ။ အချို့ဆိုလျှင် ခါးဝတ်ခါးစားမျှသာ ယူဆောင်လာနိုင် ခဲ့ကြသည်။

အချို့ဆိုလျှင် အိမ်တွေထဲမှ ခေါင်မိုးကို ဖေါက်ထွက်ခြင်းဖြင့်လည်း ကောင်း၊ ကူညီကယ်ဆယ်ရေး ပရဟိတများရဲ့ကယ်ဆယ်မှုကြောင့် လည်းကောင်း ရေဘေးမှ လွတ်အောင် ရှောင်ရှားခဲ့ကြသည်။ ပိုင်ဆိုင် မှုအိုးအိမ်ခြံမြေများ လယ်ယာကိုင်းကျွန်းများကမူ ပျက်စီး ကုန်ကြရသည်။

ဆိုလိုသည်မှာ သဘာဝဘေးဥပဒ် အန္တရာယ် မကျရောက်စဉ်အချိန်က ကြိုတင်ပြင်ဆင်မှုများ မပြုလုပ်နိုင်ခဲ့ခြင်းနှင့် မည်ကဲ့သို့ စနစ်တကျ ကြိုတင်ပြင်ဆင် ကာကွယ်ထားကြရမည်ဆိုသည့် ပညာပေးအသိများ လည်း မရှိနိုင်ခဲ့ကြသည်ကို ထောက်ပြလိုရင်း ဖြစ်သည်။ ဤကဲ့သို့ သဘာဝဘေး ဥပဒ် အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး အနေအထားများ လုံးဝမရှိနိုင်ခဲ့ခြင်းကို ထောက်ပြလိုရင်း ဖြစ်သည်။

ထိုအခါ မိမိတို့ ပြည်သူများမှာ သဘာဝ ဘေးဥပဒ်အန္တရာယ်ကြီး ကျရောက်လာသောအခါ လည်စင်းခံရုံမှတစ်ပါး အခြားနည်းလမ်းမရှိသလို ဖြစ်ခဲ့ရလေသည်။ ထို့ပြင် သဘာဝဘေးဥပဒ် အန္တရာယ် ကာကွယ်ရေးလုပ်ငန်းများအတွက် အဓိက တာဝန်ရှိသူများကလည်း ပြည်သူများကို ပညာပေးခြင်း၊ ကြိုတင်သတိပေးခြင်းနှင့် လက်တွေ့ ကွင်းဆင်းဦးဆောင် ကြိုးပမ်းခြင်းများ မရှိသလောက်ပင် ရှိခဲ့သည်။

ထိုထိုသော ချို့ယွင်းမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာသောအခါ ထိခိုက်ပျက်စီးမှုများ ပိုမို ဆိုးရွားရတော့သည်။ ယခုအခါ သဘာဝဘေးဥပဒ်အန္တရာယ် ကျရောက်ခဲ့သည့်ဒေသများ တွင်ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စတင်ကြရပြန်သည်။

သည်လိုကာလတွင်လည်း အမှန်တကယ်အားဖြင့်ဆိုလျှင် တိုင်းပြည်တာဝန်ရှိသူများ ကိုယ်တိုင်က၊ တာဝန်ရှိ အဖွဲ့အစည်းများကိုယ်တိုင်က ဦးစီးခေါင်းဆောင်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရမည်သာ ဖြစ်သည်။ အိုးအိမ်များ၊ လမ်းပန်းများ၊ စာသင်ကျောင်းများ အစရှိသော အများဆိုင် ကိစ္စကြီးများမှာ တာဝန်ရှိသူများကိုယ်တိုင် ဦးစီးဆောင် ရွက်ခြင်း မရှိလျှင် အောင်မြင်ရန် ခက်ခဲမည် သာဖြစ်သည်။

ပြန်လည်ထူထောင်ရေး ဆိုသည်မှာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းနှင့်မတူဘဲ ပညာရှင်များ၏ အကူအညီ၊ နိုင်ငံတော်ငွေကြေးနှင့် လိုအပ်လျှင် နိုင်ငံတကာ အကူအညီများအဆုံး ဝိုင်းဝန်းရယူ လုပ်ကိုင်ရ မည်သာဖြစ်သည်။ သည်အပိုင်းတွင်လည်း မည်သည့် ထိရောက်မြင်သာသည့် အရေးယူ ဆောင်ရွက်မှုများကို ယခုအထိ မတွေ့ရသေးချေ။

နိဂုံးချုပ်ရလျှင်  မိမိတို့ပြည်သူများသည် သဘာဝဘေးဥပဒ်အန္တရာယ်များကို မျက်ကန်းတစ္ဆေ မကြောက် နည်းများဖြင့်လည်းကောင်း၊ တစ်ပွဲတိုး နည်းများဖြင့်လည်းကောင်း၊ ဘဝတူအချင်းချင်းသာ ရိုင်းပင်း ကူညီကြခြင်းဖြင့်လည်းကောင်း ကြံမိကြံရာ ဆောင်ရွက်ခဲ့ကြရခြင်း၊ ကာကွယ်ခဲ့ကြရခြင်းနှင့် ကုစားရခြင်းဖြင့်သာ ဖြတ်သန်းခဲ့ကြရသည့်သဘော ဖြစ်သည်။

သည်လိုအနေအထားကို အနှစ်သာရ အားဖြင့် တင်စားပြီး ပြောရမည်ဆိုလျှင် မိမိတို့ ပြည်သူများသည် သဘာဝဘေးဥပဒ်အန္တရာယ်များကို လည်စင်းခံသည့် နည်းဖြင့်သာ ကျော်လွှား ဖြတ်သန်းခဲ့ကြရသည့် သဘောသာဖြစ်ကြောင်း ထောက်ပြ တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags