တုုိင်းရင်းသား လက်နက်ကိုင်များကိစ္စ သမ္မတ ပြောဆိုမှုအပေါ် သံသယရှိ ဟုုဆို

တုုိင်းရင်းသား လက်နက်ကိုင်များကိစ္စ သမ္မတ ပြောဆိုမှုအပေါ် သံသယရှိ ဟုုဆို

ချင်းမိုင်၊ စက်တင်ဘာလ ၁၀။ ။ သမ္မတ ဦးသိန်းစိန်၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်ရန် ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းမည်ဟု ပြောဆိုမှုအပေါ် သံသယရှိနေသည်ဟု တအာင်းပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးက ပြောသည်။

“အစိုးရက အားလုံးပါဝင်ရေးမူကို ပြောပေမဲ့လည်း ကျနော်တို့အဖွဲ့ကို Bi-Lateral အပစ်အခတ် ရပ်စဲရေးကနေ ဘယ်လိုလုပ်ရမလဲ။ သူများနဲ့ အင်န်စီအေကို တပြိုင်နက်တည်း လက်မှတ်ထိုးဖို့ သဘောမတူဘူး။ ကျန်တဲ့ အေအေတို့၊ အင်န်အမ်ဒီအေအေ အဆင့်နှိမ့်ပြီးတော့ ခွဲခြားထားတာတွေ ရှိတယ်ဆိုတော့ အင်န်စီအေကို တပြိုင်နက်တည်း ထိုးဖို့ မရှိဘူး၊ မဖြစ်နိုင်ဘူး”

“အင်န်စီအေ လက်မှတ်ထိုးပြီးရင် ကျနော်တို့ကို အပြတ်ချေမှုန်း ထိုးစစ်ဆင်မယ့်ဟာတွေ၊ အခုလည်း တိုက်ပွဲ ပြင်းထန်နေပါတယ်။ အဲဒီလို ကိစ္စတွေ ရှိနေတော့ သမ္မတပြောတဲ့ အားလုံးပါဝင် ရေးမူကို ကျနော်တို့က တော်တော်လေး သံသယ ရှိပါတယ်” ဟု PSLF/TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်ဘုန်းကျော်က မဇ္ဈိမကို ပြောသည်။

“သမ္မတ ပြောဆိုထားတဲ့အပေါ်မှာ ကျနော်တို့မရှင်းဘူး။ နဂိုကတည်းက ပြောထားတဲ့ အတိုင်းပဲလို့ ကျနော်တို့ မြင်ပါတယ်။ နဂိုထဲက ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေကို ခွဲခြားပြီးတော့မှ ကျန်တဲ့ ၁၅ ဖွဲ့က ထိုးထားတယ်။ ကျန်တဲ့ ၆ ဖွဲ့က ဒီလို၊ ဒီလို ဖြစ်တယ်။ အဆင့်နှိမ့်ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါလို့ရတယ်။ လက်နက်အပ်ပြီးမှ ပါလို့ရတယ်ဆိုတဲ့ ပုံစံ မျိုးဖြစ်နေတယ်လို့ မြင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ လာမည့်အောက်တိုဘာလ ပထမပတ်တွင် NCA လက်မှတ်ရေးထိုးရန် သဘောတူညီမှုဆိုခြင်းသည် အားလုံးပါဝင်ရေး မူအတိုင်း ရပ်တည်၍ ဆုံးဖြတ်သည်ဟု ယူဆကြောင်း မိုင်ဘုန်းကျော်က ပြောသည်။

NCA သည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသည့် အဆင့်ဖြစ်သကဲ့သို့ ၎င်းအား စီစဉ်ဆောင်ရွက်သည့် အချိန်တွင် အားလုံးပါဝင်၍ တစ်တိုင်းပြည်လုံး၏ အကျိုးကို ရေရှည်ကြည့်ရှု လုပ်ဆောင်ရန် လိုအပ်ကြောင်း AA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က မဇ္ဈိမကို ပြောသည်။

“NCA က အရမ်းအရေးကြီးတာမို့လို့ သတိမထားဘဲ အမြန်လုပ်လိုက်ရင် ရှိုးပွဲလို ဖြစ်ပြီးမှ အနစ်သာရ ကင်းမဲ့သွားနိုင်တယ်။ ဆိုလိုတာက အကုန်လုံးပါဝင်ပြီးမှ တိုင်းပြည်အရေးကို ဖြေရှင်းတာမျိုး ဖြစ်စေချင်တယ်” ဟု ၎င်းက ပြောသည်။

“ကျနော်တို့က နိုင်ငံရေးအရ သံသယကို ဦးစားမပေးဘူး။ ပကတိအခြေအနေကိုပဲ ထောက်ပြပြောလိုတယ်။ ကိုးကန့်ကိစ္စကို သမ္မတကိုယ်တိုင် ကိုင်တွယ်မယ်ဆိုတာကို သူကိုယ်တိုင် ကမ်းလှမ်း ဆွေးနွေးခြင်း မရှိဘူးဆိုတာကို တပ်အပ်ပြောလို့ ရတယ်။ ပြီးရင် ရခိုင်တပ်မတော် ကိစ္စနဲ့ ပတ်သက်ပြီးမှ သူပြောတဲ့ ကိစ္စတွေကိုလည်း ဒါဟာ နည်းလမ်း မကျသေးဘူး။ ကျနော်တို့ဟာ ရခိုင်အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီးတော့ တခြားတိုင်းရင်းသား တွေနဲ့ လက်တွဲလုပ်နေတဲ့အပေါ် ကျနော်တို့ကို မြင်တဲ့ အနေအထားတွေကော။ တအာင်းအဖွဲ့နဲ့ ပတ်သက်ပြီးတော့ ပြောဆိုတဲ့ ကိစ္စတွေရောက နိုင်ငံတော် အစိုးရဆိုတာ တစ်နိုင်ငံလုံးကို ပြဿနာကို ဖြေရှင်းသင့်တယ်။ ဒါကို သူတို့က approve နည်းလမ်းတစ်ခုခု လွဲချော်နေတာလားဆိုပြီး ထောက်ပြ လိုတယ်” ဟု ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆက်လက် ပြောဆိုသည်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော်(AA)နှင့် မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(ကိုးကန့်တပ်မတော်) (MNDAA) တို့သည် စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်များတွင် လွတ်မြောက် နယ်မြေတစ်နေရာ၌ မဟာမိတ် ထိပ်သီး အစည်းအဝေး ကျင်းပကာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြန်အလှန် အသိအမှတ်ပြုပြီး နိုင်ငံရေး၊ စစ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့သည်ဟု ယနေ့ ကြေညာချက် ထုတ်ပြန်ထားသည်။

“ကျနော်တို့ သုံးဖွဲ့က ညီညီညွတ်ညွတ်ရှိတယ်။ တကယ်လို့ အစိုးရဘက်က ငြိမ်းချမ်းရေးကို လိုလားပြီး အကုန်လုံးကို လက်မှတ်ရေးထိုးခွင့် ပြုတယ်ဆိုရင် ကျနော်တို့ သုံးဖွဲ့က အဆင့်သင့်ရှိတယ်။ တကယ်လို့ မဟုတ်ဘူး။ ဟိုခွဲ ဒီခွဲ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ သုံးဖွဲ့က လက်မှတ်မထိုးနိုင်ဘူး” ဟု မိုင်ဘုန်းကျော်က ပြောသည်။

ယခု အစိုးရသက်တမ်းကုန်တော့မည်ဖြစ်ရာ NCA လက်မှတ်မရေးထိုးမီ ကြိုတင်ဆွေးနွေး ထားသော code of conduct ကို မည်သည့်အချိန်တွင် အကောင်အထည် ဖော်ရမည်၊ နိုင်ငံရေးဆွေး နွေးပွဲကို မည်သည့်အချိန်တွင် စတင်ဆွေးနွေးမည်ဟု ဆွေးနွေးပြီးမှသာလျှင် NCA အကျုံးဝင်မည်ဟူ သော ကတိကဝတ်များ ရှိသဖြင့် ရွေးကောက်ပွဲ ကာလတစ်ခုကို ဖြတ်သန်းရမည့် အစိုးရတစ်ရပ်သည် နိုင်ငံရေးအရ ဆွေးနွေးမည့် သက်တမ်းကျန်မကျန် အသေးစိတ် ဆင်ခြင်သုံးသပ်ရန် လိုအပ်သဖြင့် အလောတကြီး မဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး တပြိုင်နက်တည်း အတူတကွ လက်မှတ်ရေးထိုးရန်ဟူသော မူအတိုင်း အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရန် မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုထားပြီး ထွက်ပေါ်လာမည့် အစိုးရသည် တိုင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားနေသော နိုင်ငံရေး၊ စစ်ရေး ပဋိ့ပက္ခများကို ပင်လုံကတိကဝတ်ကို အခြေခံပြီး ကိုင်တွယ်ဖြေရှင်းရန် လိုလားကြောင်း တောင်းဆိုထားသည်။

“လာမယ့် ရွေးကောက်ပွဲမှာလည်း တရားမျှတမှု ဖြစ်ဖို့ရယ်၊ တက်လာတဲ့အစိုးရဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်းစစ်ကို စနစ်တကျဖြေရှင်းမယ့် အစိုးရကို တက်လှမ်းစေချင်တယ်။ စစ်ရေးနိုင်ငံရေး ပူးပေါင်း ဆောင်ရွက်ရေး ဆိုတာကလည်း တခြားတိုင်းရင်းသားတွေကို ဖိတ်ခေါ်တဲ့ တစ်ချိန်တည်းမှာ ကျနော်တို့ ဘက်မှာ တိုက်ပွဲ ပြင်းထန်နေတယ်။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေမှာ အဲဒါကို ဘယ်လို လုပ်မယ် ဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မဟာမိတ်အဖွဲ့သုံးဖွဲ့သည် အစိုးရထံသို့ အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် ကမ်းလှမ်းခဲ့ သော်လည်း ယခုထိ စစ်ရေးအရ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် မြန်မာပြည် ငြိမ်းချမ်း ရေးဖြစ်စဉ်ကို အနှောက်အယှက် ဖျက်ဆီးနေသည့် လုပ်ရပ်အဖြစ် ယင်းအဖွဲ့သုံးဖွဲ့က အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ်များ အပါအဝင် ဒေသအနှံ့အပြားတွင် အစိုးရစစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ကိုးကန့်ဒေသဘက်တွင် လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု မိုင်ဘုန်းကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly