ငွေမဲတိုက်ဖျက်ရေး နောက်အစိုးရ ဦးစားပေးသင့်ဟု ငွေခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ပြော

ငွေမဲတိုက်ဖျက်ရေး နောက်အစိုးရ ဦးစားပေးသင့်ဟု ငွေခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ပြော

စက်တင်ဘာ ၁၀ ရက် ။           ။ နောက်တက်လာမည့်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ငွေမဲများ စီးဝင်စီးထွက်မှုများကို လျော့ကျ ပြောင်းလဲ နိုင်ရန် ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှု ပွင့်လင်းမြင်သာရန်နှင့် အခြားအစိုးရများနှင့် ပူးပေါင်း၍ ငွေမဲများစီးဆင်းနိုင်သည့် လမ်းကြောင်းများကို ပိတ်ပင်ရန် မူနှစ်ရပ်ချမှတ်သင့်သည်ဟု ဝါရှင်တန်အခြေစိုက် ငွေမည်းခဝါချမှုစောင့်ကြည့်ရေး အဖွဲ့ကြီး ကအကြံပြုလိုက်သည်။

GFI ခေါ် Global Finance Integrity အဖွဲ့ ညွှန်ကြားရေးမှူး တွမ်ကာဒါမမွန်းက "ငွေမဲတွေစီးဝင်းစီးထွက်နေတာကို ထုတ်ဖော်ခြင်းဟာ နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းတွေ ဖွင့်ဖို့ကြိုးစားနေ တဲ့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေအတွက် မရှိမဖြစ်လိုအပ်နေတာဖြစ်ပါတယ်။" ဟုပြောသည်။

"ငွေမဲတွေစီးဆင်းနေတာဟာ အလျင်အမြန်ကြီးထွားလာနေတာကို ကျွန်တော်တို့ရဲ့လေ့လာတွေ့ရှိချက်က ဖော်ပြနေပါ တယ်။ မူဝါဒတွေချမှတ်နေသူတွေဟာ ဒီကိစ္စကို အထူးဂရုပြု  အလေးထားရမှာဖြစ် ပါတယ်။" ဟုလည်း အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ၌ ပြုလုပ်သည့် လေ့လာတွေ့ရှိချက် ထုတ်ပြန်ပွဲတွင် ဆက်လက်ပြောဆိုသည်။

၁၉၆၀-၂၀၁၃ ခုအတွင်း မြန်မာနိုင်ငံမှ ထွက်သွားသည့် တရားမဝင်ငွေမဲမှာ ကန်ဒေါ်လာ ၁၉ ဘီလီယံခန့်ရှိပြီး၊ နိုင်ငံအတွင်း စီးဝင်သည့် ငွေမဲမှာ ကန်ဒေါ်လာ ၇၈ ဘီလီယံခန့်ရှိသည်ဟု GFI ၏ “Flight Capital and Illicit Financial Flows to and from Myanmar: 1960-2013,” ခေါင်းစည်းတပ်ထားသည့် တွေ့ရှိချက် အစီရင်ခံစာ၌ ဖော်ပြထားသည်။

"တရားမဝင်ငွေတွေစီးဆင်းမှုတွေကြောင့် မြန်မာနိုင်ငံဟာ ပြဿနာကြီးကြီးမားမား ရှိနေပါတယ်။ ဒီပြဿနာလျော့ကျသွား စေရေး လုပ်ဆောင်ဖို့ဟာ အခုလာမယ့် ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရအတွက် ဦးစားပေးလုပ်ငန်းစဉ် ဖြစ်သင့်ပါတယ်။" ဟု GFI အကြီးအကဲ ရေမွန်ဘာကာ ကလည်း မှတ်ချက်ပြုထားသည်။

တရားဝင်စီးပွားရေးလုပ်ငန်းများမှ ဘီလီယံနှင့်ချီသည့် ငွေများသည် တရားမဝင်ဖြစ်နေသဖြင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးကြီးထွားရေးအတွက် နစ်နာနေရသည်ဟုဆိုသည်။ အဆိုပါ ငွေမဲများသည် မြေအောက်စီးပွားရေးလုပ်ငန်းများ၊ ရာဇဝတ်မှုများ၊ အကတိချစားမှုများကို ဖြစ်ပေါ်စေသည်ဟုလည်း ၎င်းက ပြောသည်။

ဖင်လန်အစိုးရ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ခဲ့သော GFI အဖွဲ့မှ အစီရင်ခံစာအား ပြုစုရာတွင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများနှင့် မြန်မာအစိုးရမှ တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများကိုလည်း လေ့လာသုံးသပ်မှု များလည်း ဆောင်ရွက်သည်ဟု သိရသည်။

Ref; Global Financial Integrity (GFI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags