ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး ဘယ်ဟာ ပိုအရေးကြီးလဲ

ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး ဘယ်ဟာ ပိုအရေးကြီးလဲ

ရန်ကုန်၊ စက်တင်ဘာ ၁၀။               ။ ရွေးကောက်ပွဲဆိုတာ မြန်မာတနိုင်ငံလုံးနဲ့ စပ်ဆိုင်တဲ့ ကိစ္စတခုပါ ထပ်ပြီး အသေးစိတ် ရမယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတိုင်း ပါဝင်ရမယ့် ကိစ္စတခုပါ။ မြန်မာနိုင်ငံသား ဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံအတွင်းက တိုင်းသူပြည်သား အားလုံးရော ပြည်ပရောက်နေတဲ့ သူတွေနဲ့ပါ စပ်ဆိုင်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးအတွက် စကားပြောနေတဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ပါ သက်ဆိုင်တယ် မဟုတ်ဘူးလား။ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့ မပြတ်သေးတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်ကတော့ အခုအချိန်မှာ အလှမ်းဝေးနေသေးတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဆိုကြပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်နီးကပ်လာတာနဲ့အတူ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလည်း လုပ်နေပါတယ်။ MMDAA လို့ ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ကို  ငြိမ်းချမ်းရေးအတွက် သမ္မတကိုယ်တိုင် ကိုင်တွယ် ဆွေးနွေးနေတယ်လို့လဲ ဆိုပါတယ်။ ဒါဟာ ငြိမ်းချမ်းချမ်းရေးအပေါ် အစိုးရအဖွဲ့အနေနဲ့ ဘယ်လောက် အလေးထားသလဲဆိုတာ ပြသတဲ့အချက်ဆိုရင် မမှားပါဘူး။

ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ ဘယ်ဟာက အရေးကြီးပါသလဲ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ နည်းပညာအကြံပေး ဦးဒေါင်းခါးကတော့ သူတို့အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကိုသာ အလေးထား လုပ်ဆောင်နေလို့ဆိုပါတယ်။

“ကျွန်တော်တို့ အခုက NCA process ကိုပဲ ဇောင်းပေးပြီး လုပ်နေသေးတယ်။ ရွေးကောက်ပွဲအတွက်ကို ကျွန်တော်တို့ ဘက်ကနေ Action Plan ဘာမှ မရှိသေးဘူး။ ကျွန်တော်တို့က ပူးပေါင်းပါဝင်ရမယ့် အဆင့်တစ်ခုကို ကျွန်တော်တို့က သတ်မှတ်မှာပဲ။ Free and Fair Election ပေါ့။ 
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲစနစ် အခင်း အကျင်း၊ နောက် ပတ်ဝန်းကျင်ပေါ့ ဒီဖန်တီးမှု တွေပေါ်မှာပဲ မူတည်ပြီးတော့ ကျွန်တော်တို့က ပူးပေါင်းဆောင် ရွက်မှုကို ထည့်စဉ်းစားမှာ။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က စဉ်းစားမှာ မဟုတ်ဘူး။

အခုလုပ်ရင်လည်း Free and Fair Election ဖြစ်မှာမဟုတ်ဘူးလေ။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲလုပ် မယ်ဆိုရင်တော့ ကျွန်တော်တို့ စဉ်းစားဖို့ ရှိတယ်။ အခုအချိန်မှာတော့ NCA Process ကိုပဲ အဓိကထားပြီး လုပ်နေတယ်” 

ကယန်းပြည်သစ်ပါတီ တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင် ကတော့ ဒီရွေးကောက်ပွဲကာလမှာ အစိုးရနဲ့ကတော့ ထူးထူးခြားခြား ပူးပေါင်းဆောင်ရွက်စရာ မရှိပေမယ့် ကယန်းပြည်သူလူထု အေးအေးချမ်းချမ်းနဲ့ မဲပေးနိုင်အောင်တော့ သီးခြား တာဝန်ယူ သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတစ်ခုပဲ ဖြစ်တာပေါ့နော်။ အဲတော့ ဒီရွေးကောက်ပွဲကာလမှာတော့ အစိုးရနဲ့ကတော့ ကျွန်တော်တို့က ထူးထူး ခြားခြား ပူးပေါင်းဆောင်ရွက် စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကယန်းဒေသအတွင်းမှာ ရှိတဲ့ မဲရုံတွေရဲ့ လုံခြုံရေး၊ နောက်တစ်ခါ ကျွန်တော်တို့ ကယန်းဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်ကိုတော့ ကျွန်တော်တို့က အာမခံသွားမှာပါ။

ကျွန်တော်တို့က ကယန်းပြည်သစ်ပါတီ ဖြစ်တဲ့ အခါကျတော့ ကယန်းပြည်သစ်ပါတီနဲ့ ဆိုင်တဲ့ ကယန်းဒေသ ရှိတာပေါ့။   ကျွန်တော်တို့ကတော့ လုံခြုံရေး အနေနဲ့ကတော့ ဒီကနေ့အထိ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကယန်းဒေသအတွင်းမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ကယန်းပြည်သူလူထုအနေနဲ့ မဲပေးတဲ့နေ့မှာ အေးအေးချမ်းချမ်းနဲ့ မဲပေးနိုင်အောင်တော့ ကျွန်တော်တို့ ဖာသာ ကျွန်တော်တို့ သီးခြား တာဝန်ယူ သွားမှာပါ။”

ရွေးကောက်ပွဲက ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတော့ ဦးဒေါင်ခါးက အခုလို ဆိုပါတယ်။

“ရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို သွားဖို့မဟုတ်ဘူးဗျ။ အာဏာရရှိဖို့နဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်မယ်ဆိုတဲ့ သဘောထားတွေ ပေါ်မှာပဲ ဖြစ်နေတယ်လေ။ ငြိမ်းချမ်းရေး ဆိုတဲ့ဟာက သီးခြားတည် ဆောက်ရမှာဗျ။ ကျွန်တော်တို့ နားလည်တဲ့ ငြိမ်းချမ်းရေးနဲ့ အခုလုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်မှု တစ်စိပ်တစ်ဒေသ ရှိပေမယ့်လည်း ဒီရွေးကောက်ပွဲ အောင်မြင်သွားလို့ ဘယ်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးကို ဖြစ်အောင် လုပ်မယ်ဆိုတဲ့အချက်က လမ်းကြောင်း မတည့်ဘူးဗျနော်။ 

ဒါက ကျွန်တော်တို့ရဲ့ နားလည်မှုပဲ။ သဘောတရား က အခု ငြိမ်းချမ်းရေးဆိုတဲ့ဟာက အခုအချိန်ထိလုပ်နေတဲ့ အစိတ်အပိုင်းဟာ ပဋိပက္ခကို လျော့ချနိုင်ဖို့ အတွက်ပဲ ဖြစ်တယ်။ တိုက်ပွဲတွေ လျော့ချနိုင်ဖို့အတွက်ပဲ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ဆိုတာက အခုကျွန်တော်တို့ လိုလား တောင့်တနေကြတဲ့ နိုင်ငံရေးအခင်းအကျင်းကို ရောက်ရှိသွားဖို့ လိုပါတယ်။" 

မွန်ပြည်သစ်ပါတီက နိုင်ဟံသာကတော့ ဘယ်အဖွဲ့ကပဲ နိုင်နိုင် သိပ်ပြီးတော့ ထူးခြားလိမ့်မယ် မဟုတ်ဘူးလို့ မြင်ပါတယ်။ ဒီတော့ ရွေးကောက်ပွဲဟာ အရေးမကြီးတဲ့ ကိစ္စရပ်တစ်ခုပါလား။

“ဒီရွေးကောက်ပွဲကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီကို လက်ခံနိုင်ဖို့ စမ်းသပ်တယ်။ ပြင်ဆင် တယ်။ ဒါကို ကျွန်တော်တို့ လက်ခံတယ်။ အားပေးချင်တယ်။ ဒါပေမယ့် တစ်ဖက်က ပြောမယ်ဆိုရင် တော့ ကျွန်တော်တို့ကတော့ ဝင်မစွက်လိုဘူးလေဗျာ။ ကျွန်တော်တို့ကတော့ တရားမျှတမှုကို လိုချင် တယ်။ ကျွန်တော်တို့ တစ်ခုခု ဝင်ပြီး လုပ်မယ်ဆိုရင် ဒါက ဝင်စွက်ရာကျမယ်လေ။ အဲ့တော့ ကျွန်တော်တို့ကတော့ ကင်းကင်းရှင်းရှင်းပဲ နေတာတွေရှိတယ်ဗျ။

၂၀၁၅ ရွေးကောက်ပွဲ ကတော့ ဖြစ်မှာ ပေါ့ဗျာ။ ဒါပေမယ့် ဘယ်လောက်လွတ်လွတ်လပ်လပ် တရားမျှတမှု ဘယ်လောက် ရှိမလဲဆိုတာ ကတော့ ကျွန်တော်တို့လည်း အပြတ်တော့ မပြောနိုင်သေးဘူးဗျ။ဒါပေမယ့်ကျွန်တော်တို့ တစ်ခုမြင်တာလေ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ပဲနဲ့က ဘယ်သူပဲ အာဏာရရ ဘယ်အဖွဲ့ကပဲနိုင်နိုင် သိပ်ပြီးတော့ ထူးခြားလိမ့်မယ် မဟုတ်ဘူးလို့ ကျွန်တော်တို့ အဲလိုမြင်တယ်ဗျ။”
 ရွေးကောက်ပွဲမတိုင်ခင် ငြိမ်းချမ်းရေးအခြေအနေ လိပ်ခဲတင်းတင်းဖြစ်နေတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရွေးကောက်ပွဲအပေါ် သူတို့အမြင်တွေကို တင်ပြပေးလိုက်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly