တောင်ကြီးမြို့၌ လုပ်ငန်းသဘောတူစာချုပ် ၆ ခုနှင့် လုပ်ငန်းပြင်ဆင်ချက် စာချုပ် ၆ ခု လက်မှတ်ထိုး

တောင်ကြီးမြို့၌ လုပ်ငန်းသဘောတူစာချုပ် ၆ ခုနှင့် လုပ်ငန်းပြင်ဆင်ချက် စာချုပ် ၆ ခု လက်မှတ်ထိုး
Photo Credit - shanstate.gov

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် တောင်ကြီးမြို့၌ ကျင်းပသည့် ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ၏ စည်ပင်သာယာရေးလုပ်ငန်းများ PPP/BOT လုပ်ငန်း သဘော တူစာချုပ်များ လက်မှတ်ရေးထိုးကြသည်။

လုပ်ငန်းသဘောတူစာချုပ် ၆ ခုနှင့် လုပ်ငန်းပြင်ဆင်ချက်စာချုပ် ၆ ခု စုစုပေါင်း ၁၂ ခုကို လက်မှတ်ရေးထိုးကြသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

လုပ်ငန်းသဘောတူ စာချုပ်များမှာ ကွတ်ခိုင်မြို့ ရေထွက်ဦးပန်းခြံဈေး၊ မိုင်းရယ်မြို့ မြို့မ ဈေးသစ်၊ မူဆယ်မြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး၊ တာချီလိတ်မြို့ ပုဂ္ဂလိကအမှိုက်နှင့် မိလ္လာသိမ်းဆည်းရေး၊ တာချီလိတ်မြို့ မြို့မဈေးအပေါ်ထပ် ထပ်တိုးအဆောက်အအုံ တည်ဆောက် ခြင်း၊ တောင်တရားမြို့နယ်ခွဲ ဈေးသစ် တည်ဆောက်ခြင်းတို့ ပါဝင်သည်။

လုပ်ငန်းပြင်ဆင်ချက် စာချုပ်အဖြစ် တောင်ကြီးမြို့ Hotel Convention တည်ဆောက်ခြင်း၊ လားရှိုးမြို့ မန်ဆူဈေး ဒုတိယအဆင့် အဆင့်မြှင့်ခြင်း၊ မူဆယ်မြို့ပတ်လမ်း ၂ မိုင် ၃ ဖာလုံ ကွန်ကရစ် လမ်းအဆင့်မြှင့်ခြင်း၊ မူဆယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်း၊ တာချီလိတ်မြို့ မြို့တွင်းရေပေးရေး လုပ်ငန်း၊ တာချီလိတ်မြို့ မီနီမားကတ်နှင့် အဝေးပြေးယာဉ်ဂိတ် နားနေဆောင် လုပ်ငန်းတို့ ဖြစ်သည်။

Public Private Partnership (PPP) & Build-Operate-Transfer (BOT) PPP/BOT စာချုပ် လက်မှတ်ထိုးသူများနှင့် ပတ်သက်၍မူ "လုပ်ငန်းလက်ခံသူနှင့် လုပ်ငန်းအပ်နှံသူ" တို့က အသီးသီး လက်မှတ်ရေးထိုးကြသည်ဟုသာ ရှမ်းပြည်နယ်အစိုးရက ဖော်ပြထားသည်။

ရှမ်းပြည်နယ် အစိုးရသတင်းပါ ဓာတ်ပုံ၌လည်း နောင်တရားမြို့နယ်ခွဲ မြို့မဈေးသစ် တည်ဆောက်ခြင်းလုပ်ငန်း ကောင်တန် ကုမ္ပဏီလီမိတက်နှင့် တာချီလိတ်မြို့ ဝမ်ကောင်းမြို့မ ဈေးအပေါ်ထပ် ထပ်တိုးအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း မင်းခေတ်သစ် ကုမ္ပဏီလီမိတက် ဟုသာ တွေ့ရပြီး အခြားလုပ်ငန်းများအတွက် မည်သည့်ကုမ္ပဏီများ ဖြစ်သည်ကိုမူ မသိရပေ။

ရှမ်းပြည်နယ်အတွင်း၌ စည်ပင်သာယာရေး လုပ်ငန်းများနှင့် သက်ဆိုင်သော မြို့ပြဖွံ့ဖြိုးရေး၊ မြို့ပြသန့်ရှင်းလှပရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်ချက်အရ သက်ဆိုင်ရာဌာနနှင့် ဒေသခံ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေရာ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ၁၆ ခု၊ မြို့ပြသန့် ရှင်း လှပရေးလုပ်ငန်း ၆ ခု စုစုပေါင်း ၂၂ ခုရှိပြီဟု ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြော သည်။

လက်မှတ်ထိုးပွဲသို့  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ များ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီများ တက်ရောက်ကြကြောင်း ရှမ်းပြည်နယ်အစိုးရ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly