ဆော်ဒီသံအရာရှိက နိပေါအိမ်စေများကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဟူသော စွပ်စွဲချက် အိန္ဒိယရဲက စစ်ဆေးလျက်ရှိ

ဆော်ဒီသံအရာရှိက နိပေါအိမ်စေများကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဟူသော စွပ်စွဲချက် အိန္ဒိယရဲက စစ်ဆေးလျက်ရှိ
ဓာတ်ပုံ - ရိုက်တာ

ဆော်ဒီအာရေဗျသံရုံး အရာရှိတစ်ဦးက မြို့တော် နယူးဒေလီအနီးရှိ ၎င်း၏နေအိမ်တွင် နိပေါ အိမ်စေနှစ်ဦးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်များကို အိန္ဒိယရဲက စုံစမ်းစစ်ဆေး လျှက်ရှိပြီး ထိုအမှုက သံတမန်များကို ကင်းလွတ်ခွင့် ပေးထားသည့်အပေါ် အငြင်းပွားမှုများကို ဖြစ်ပေါ် စေခဲ့သည်ဟု ဆိုသည်။

အသက် ၃၀ နှင့် ၅၀ အသီးသီးရှိကြသော အမျိုးသမီးနှစ်ဦးက နိပေါမှ ထွက်လာပြီး သံအရာရှိ ထံတွင် အလုပ်လုပ်လာခဲ့ရာတွင် ၎င်းတို့နှစ်ဦးမှာ လပေါင်းများစွာကြာအောင် မုဒိမ်းကျင့်၊ ရိုက်နှက်၍ အစာအငတ်ထားခံရကာ ဓားစာခံများသဖွယ်လည်း ပိတ်လှောင်ခံနေခဲ့ရသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။

ဆေးစစ်ချက်များအရ အမျိုးသမီးများမှာ မုဒိမ်းကျင့်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး နယူးဒေလီရှိ ဆော်ဒီအာရေဗျသံရုံးကို အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါ ဆော်ဒီအမျိုးသားမှာ သံတမန်ကင်းလွတ်ခွင့် ရှိမရှိကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဆော်ဒီသံရုံးတို့သို့ စာဖြင့် မေးမြန်းခဲ့သည်ဟု ရဲကော်မရှင်နာ နက်ဒီဆင်းဘာ့က ပြောကြားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ရဲတပ်ဖွဲ့ထံမှ အစီရင်ခံချက် တောင်းခံထားပြီး သတင်းအချက်အလက်အပေါ် မူတည်ပြီး မည်ကဲ့သို့ အရေးယူမည်ကို ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

လတ်တလောတွင်မူ သံတမန်ဆက်ဆံရေး ဗီယင်နာ သဘောတူညီချက်အရ သံတမန်များမှာ ၎င်းတို့ကို ခန့်အပ်ထားရာနိုင်ငံတွင် ဖမ်းဆီးမှု၊ ရာဇဝတ်မှုဆိုင်ရာ တရားစွဲမှုနှင့် အရပ်ဘက်တရားဆိုင်မှု များမှ ကင်းလွတ်ခွင့်ရထားသောကြောင့် သံတမန်များကို ချက်ချင်း ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

မုဒိမ်းကျင့်ခံရသူနှစ်ဦးက Times Now ရုပ်သံချဲနယ်သို့ ပြောကြားရာတွင်မူ ၎င်းတို့နှစ်ဦးမှာ နိပေါမှ ထွက်လာပြီး ဆော်ဒီအာရေဗျမှ သံရုံးအိမ်တော်တွင် အလုပ်လုပ်စဉ်ကမူ လိင်ပိုင်း မတော် မတရား ပြုကျင့်ခံရခြင်း မရှိခဲ့ဘဲ လွန်ခဲ့သည့် နှစ်လသုံးလက အိန္ဒိယသို့ ရောက်လာသည့် အခါတွင်မှ အကြမ်းဖက် အနိုင်ကျင့် ခံလာရသည်ဟု ဆိုသည်။

''သူတို့က ကျွန်မတို့ကို ညတိုင်းရိုက်နှက်ပြီး မကြာခဏဆိုသလို လူနှစ်ယောက်သုံးယောက်က ကျွန်မတို့ကို ဝိုင်းပြီး နှိပ်စက် မုဒိမ်းကျင့်တယ်။ ကျွန်မတို့ကိုယ်မှာ ဒဏ်ရာတွေချည်းပဲ'' ဟု အမျိုးသမီး တစ်ဦး ကပြောကြားသည်။

ပြင်းထန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သည့်အခါများတွင်မူ အစိုးရများက နိုင်ငံခြားအစိုးရ တစ်ရပ်ကို ကင်းလွတ်ခွင့်ကို စွန့်လွှတ်ရန် ဖိအားပေးပိုင်ခွင့် ရှိသည်။  

''အဲဒါကိုမှ သူတို့က ငြင်းကွယ်နေရင် သူတို့ကို နှင်ထုတ်ဖို့ တစ်လမ်းပဲ ရှိတော့တယ်'' ဟု ဝါရင့် အိန္ဒိယသံတမန် ဂျီပါသာဆရာသီက ပြောကြားသည်။

အင်န်ဂျီအိုများနှင့် နိပေါသံရုံးမှ အရာရှိများက သတင်းပေးလာပြီးနောက် အမျိုးသမီးနှစ်ဦးကို စက်တင်ဘာ ၇ ရက်က ကယ်ဆယ်ခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly