၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ လူမှုအဖွဲ့အစည်းတွေ ဘယ်လို မြင်သလဲ

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ လူမှုအဖွဲ့အစည်းတွေ ဘယ်လို မြင်သလဲ

ရန်ကုန်၊ စက်တင်ဘာ ၉။           ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို ကျင်းပနိုင်ဖို့  ပြည်သူတွေက အုပ်ချုပ်တဲ့၊ ပြည်သူတွေ အတွက် အုပ်ချုပ်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာ ပေါ်ထွန်းစေဖို့ ဆယ်စု နှစ်တွေနဲ့ချီပြီး စောင့်စားလာခဲ့တဲ့ ပြည်တွင်းရော ပြည်ပမှာ ပါရှိတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေကို ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို မဲလိမ်တာတွေ၊ မသမာမှုတွေ မဖြစ်စေရဘူး။

ဒုတိယအချက် အနေနဲ့ ၁၉၉၀ တုန်းကလို ရွေး ကောက် ပွဲရလဒ်ကို အသိအမှတ် မပြုတာမျိုး မလုပ်ဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လေးစားမှု ရှိရမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ပြည်သူတွေအတွက် ကြီးမားတဲ့ ထိုးနှက်မှု တခုပဲ ဖြစ်ပါလိမ့်မယ်။

ဒီတော့ မေးခွန်းတခု ထွက်လာပါတယ်။ အရင်တုန်းကလို မဖြစ်စေဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါ သလဲ။ ယေဘုယျ အားဖြင့်တော့ လူတိုင်းမှာ တာဝန် ရှိပါတယ်။ မဲဆန္ဒရှင်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ကစလို့ မီဒီယာတွေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီတွေ အပြင် အာဏာလက်ရှိ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဒီရွေးကောက်ပွဲနဲ့ တိုက်ရိုက် ပတ်သက်နေပြီး ရွေးကောက်ပွဲ အောင်မြင် အောင်လုပ်ဖို့ တာဝန်ရှိ ပါတယ်။ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က စိုင်းရဲကျော်စွာမြင့် ရဲ့အမြင်ကတော့။

“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ လူတွေရှိတာ တစ်ခုတည်းနဲ့တော့ ရွေးကောက်ပွဲရဲ့ ကောင်းမွန်တဲ့ ရလဒ် ထွက်လာမယ်လို့တော့ ယတိပြတ် ပြောလို့မရဘူးဗျ။ ရွေးကောက်ပွဲ သမာသမတ် ကျဖို့နဲ့ ရွေးကောက်ပွဲရဲ့အဖြေဟာ ကောင်းဖို့ဆိုရင် ကျွန်တော်တို့ ဥပဒေမူဘောင်တွေ အများကြီးပါပဲ။

ပါတီတွေရဲ့ လုပ်ဆောင်ချက်တွေ  ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ နောက်ပြီးတော့ ကော်မရှင် တစ်ဦးချင်းစီရဲ့ လုပ်ဆောင်ချက်တွေ။ သူတို့တွေ ကိုယ်တိုင်က ဘယ်လောက် ဒီမိုကရေစီ နည်းကျပါဝင်ကျလည်း။ လုပ်ဆောင်ကြသလဲ ဆိုတဲ့အပေါ်မှာ ပိုပြီးမူတည်မှာပေါ့။

ကျွန်တော်တို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကျတော့ ဒီရွေးကောက်ပွဲ ရလဒ်တွေက ဒီရွေးကောက်ပွဲရလဒ်ကို ကျွန်တော်တို့ သုံးသပ်မယ် သုံးသပ်ပြီးရင် ဒီရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ဘယ်လောက် ပွင့်လင်းမြင်သာမှုရှိသလဲ။

နောက်ပြီးတော့မှ တာဝန်ခံမှု ဘယ်လောက်ရှိခဲ့သလဲ။ နောက်ပြီးတော့မှ နိုင်ငံသားတွေအနေနဲ့ ဘယ်လောက်ပါဝင်ခွင့် ရခဲ့သလည်းဆိုတာကို ကျွန်တော်တို့က လေ့လာစမ်းစစ်မှ ဖြစ်မှာကိုး။”
 အမျိုးသား လူငယ်ကွန်ကရက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး စီမံကိန်း ဒါရိုက်တာ ကိုမိုးသွေး ကတော့ လွတ်လပ်ရမယ် တရားမျှတရမယ် သန့်ရှင်းနေရမယ့် ရွေးကောက်ပွဲတခု ဖြစ်လာဖို့က ပြည်သူ တွေအနေနဲ့လည်း တတ်နိုင်တဲ့နေရာကနေ ဝင်ပြီးတော့ စောင့်ကြည့်ကြဖို့ လိုပါတယ်လို့ ဆိုပါတယ်။
 
“ကျွန်တော်တို့ အမြင်ကို ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေ မဖြစ်ခဲ့တာ တော်တော်ကြာခဲ့ပြီ။ ၁၉၉၀တုန်းကတော့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ကြားထဲမှာ ၂၅ နှစ်ကျော်ပေါ့ ။ နှစ်၃၀ လောက်က အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေ မရှိခဲ့ဘူး။
 
၂၀၁၅ ကျမှ ပြန်ပါလာတာပေါ့။ ပြီးတော့ တစ်ဖက်မှာ ကျွန်တော်တို့က ဒီမိုက ရေစီနိုင်ငံကို သွားချင်တာ။ ဒီမိုကရေစီစနစ်ကို တည်ထောင်ချင်တာ။ ဆိုတဲ့အခါကျတော့ ဒီမိုကရေစီလို့ ပြောလိုက်ရင် ကျွန်တော်တို့က ရွေးကောက်ပွဲကို မဖြတ်သန်းလို့မရဘူးပေါ့နော်။ ရွေးကောက်ပွဲမပါပဲနဲ့ ဒီမိုက ရေစီကို သွားလို့မရဘူး။”
 အရပ်ဖက် စောင့်ကြည့်ရေးအဖွဲ့တွေ နိုင်ငံတကာအဖွဲ့တွေ ရှိနေရုံနဲ့ သမာသမတ်ကျသွားပြီလို့တော့ ပြောလို့မရဘူးလို့ ကိုမိုးသွေးက ပြောပေမယ့် တခြား အခြေအနေ အကြောင်းတရားတွေလည်း အများကြီး ရှိနေသေးတယ်လို့ စိုင်းရဲကျော်စွာမြင့်ကဆိုပါတယ်။
 
“ဒါပေမယ့်လည်း သဘာဝဘေး အန္တရယ်တွေ ဖြစ်တဲ့အတွက်ကြောင့် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းသွားမှာ တော့ အမှန်ပဲဗျ။ ကျွန်တော်ထင်တယ် အဲလိုနေရာမျိုးမှာ ကျွန်တော်တို့ ပိုပြီးတော့မှ ကောင်းမွန်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင် အရပ်ဖက်အဖွဲ့အစည်းတွေအပြင် ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်က နိုင်င့ရေးပါတီတွေကော ပြည်သူလူထုကို သွားပြီးတော့ သေသေချာချာ ရှင်းပြဖို့လိုလိမ့်မယ်။ တကယ်လို့ အဲဒီနေရာတွေမှာလည်း ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်ပေါ့လေ။

လွတ်လပ်တဲ့ ဘက်မလိုက်တဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေရှိတဲ့အတွက် မသမာမှုကတော့ အတိုင်းအတာ တစ်ခုအထိ လျော့သွားနိုင်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ရွေးကောက်ပွဲနေ့မှာ သူတို့တွေ လာပြီးတော့ စောင့်ကြည့်ကြမှာလေ။ ဒါပေမယ့် အဲဒီလိုပြောပေမယ့်လည်း အရပ်ဖက် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာတဲ့အဖွဲ့တွေ နိုင်ငံတကာ စောင့်ကြည့်တဲ့အဖွဲ့တွေရှိတဲ့အတွက် ရွေးကောက်ပွဲကြီးက သမာသမတ်ကျသွားပြီ တစ်ထစ်ချပြောဖို့ ခက်လိမ့်မယ်ခင်ဗျ။”

ကိုစိုင်းရဲ့အမြင်ကတော့ စိတ်ဝင်းဖို့ကောင်းပါတယ် ဒီတချီ ပုံအောလိုက်လို့ ရှုံးသွားခဲ့တဲ့အခါ နိုင်ငံရေးကို ရွံသွားတာမျိုး မဟုတ်ပဲနဲ့  ပိုပြီးတော့မှ နိုင်ငံ့ရေးမှာ ပူးပေါင်းပါဝင်မှုတွေ ပူးပေါင်းပါဝင်ချင်တဲ့ စိတ်တွေ ပေါ်လာအောင် လုပ်ဖို့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိပါတယ်တဲ့။

“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲက ၂၀၁၀နောက်ပိုင်းမှာ အရပ်သား အစိုးရလက်ထက်မှာပေါ့နော် ပထမဦးဆုံး အကြိမ်ကျင်းပတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ ပြည်သူလူထုကလည်း အနည်းနဲ့ အများဆိုသလို ဒီရွေးကောက်ပွဲပေါ်မှာ မျှော်လင့်ချက်တွေ ရှိကြတယ်  ဒီမျှော်လင့်ချက်တွေကို မပျက် စီးအောင် ပေါ့လေ။

နိုင်ငံရေး ပါတီတွေအနေနဲ့ ဒီမိုကရေစီစံနှုန်းတွေအတိုင်း ပြောကြဟောကြ နေထိုင် ကျင့်ကြံကြမယ်ဆိုရင် ပြည်သူလူထု အနေနဲ့လည်း ဒီနိုင်ငံရေး ဖြစ်စဉ်ပေါ်မှာ ဘယ်လိုခေါ်မလဲ နိုင်ငံရေးကို ရွံသွားတာမျိုးမဟုတ်ပဲနဲ့  ပိုပြီးတော့မှ နိုင်ငံ့ရေးမှာ ပူးပေါင်း ပါဝင်မှုတွေ ပူးပေါင်းပါဝင်ချင်တဲ့ စိတ်တွေ ပေါ်လာအောင်လုပ်ဖို့ နိုင်ငံရေးပါတီတွေမှာ တာဝန်ရှိတယ်။ ထိုနည်း လည်းကောင်းပဲ ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ခွဲအဆင့်ဆင့်ကလည်း သူတို့ရဲ့လုပ်တဲ့ လုပ်ဆောင်ချက်တွေကို ဒီထက်ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့လိုမယ်။”

တချိန်တည်းမှာပဲ အတိုက်အခံ ပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲကို နိုင်သူ အကုန်ယူစတမ်း အခြေအနေ တခုအဖြစ် မရှုမြင်သင့် ပါဘူး။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ တရားမျှတ ပြီး အတိုက်အခံ ပါတီတွေက မဲအများစုကို အနိုင်ရမယ် ဆိုရင် သူတို့အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရန်သူလို သဘောထားပြီး မဆက်ဆံမိအောင် ပါးနပ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ တမူထူးခြားပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မည်သူနိုင်သည် ဖြစ်စေ၊ အနိုင်ရတဲ့သူဟာ အလုပ်ဖြစ်တဲ့ အစိုးရတရပ်ကို ဖွဲ့ဖို့ ဆိုရင်တော့ သက်ဆိုင်သူ အားလုံးကို ပါဝင်စေဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရဲ့ ပြဿနာများစွာ အတွက် တာဝန် ရှိသူတွေ ဖြစ်တဲ့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေ မပါမဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly