ဘုရင်မကြီး အဲလိဇဘတ် ဗြိတိန်၏ နန်းသက်အရှည်ကြာဆုံး ဧကရီဘုရင်မကြီးဖြစ်လာ

ဘုရင်မကြီး အဲလိဇဘတ် ဗြိတိန်၏ နန်းသက်အရှည်ကြာဆုံး ဧကရီဘုရင်မကြီးဖြစ်လာ

လန်ဒန်၊ စက်တင်ဘာ - ၉ ။          ။ သူမ၏ အားကုန်မောပန်းနေသည့် နိုင်ငံမှာ ဒုတိယကမ္ဘာစစ်၏ အပျက်အစီးပုံပေါ်မှ နာလံထရန် ရုန်းကန်နေရချိန် အသက်၂၅နှစ်အရွယ်တွင် နန်းတက်လာခဲ့သည့် ဘုရင်မကြီး အဲလိဇဘတ်မှာ စက်တင်ဘာလ ၉ရက်နေ့တွင် ဗြိတိန်၏ နန်းသက်အရှည်ကြာဆုံး သက်ဦးစံပိုင်ဧကရီတစ်ပါး ဖြစ်လာခဲ့သည့်အတွက် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီ ဖြစ်သည်။

ညနေ ၅နာရီ ၃၀မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၆၃၀)အချိန်တွင် ယခုအခါ အသက် ၈၉နှစ် ရှိလာခဲ့ပြီဖြစ်သည့် အဲလိဇဘတ်မှာ နိုင်ငံ၏ ခေတ်အဆက်ဆက် အသက်အရှည်ဆုံး ဘုရင်မတစ်ပါးလည်းဖြစ် သလို၊ သူမ၏ ဘီတော် ဘုရင်မကြိး ဝိတိုရိယာ၏ နန်းစံသက် ၆၃နှစ်၊ ၇လ၊ ၂ရက်၊ ၁၆နာရီနှင့် ၂၃မိနစ်ကိုလည်း ကျော်လွန်သွားတော့မည်ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကလည်း ဘုရင်မကြီးကို ဂုဏ်ပြုခဲ့သည်။ ''လွန်ခဲ့တဲ့ ၆၃နှစ်လုံးလုံးမှာ ကြီးမြတ်တဲ့ ဘုရင်မကြီးဟာ အမြဲမပြတ်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ မယိမ်းမယိုင်ကျောက်စာတိုင် လိုခိုင်မြဲခဲ့တယ်။ သူမရဲ့ ကိုယ်ကျိုးမဖက်တဲ့ ထမ်းရွက်မှုက ဗြိတိန်မှာတင်မက ကမ္ဘာတစ်ဝန်းလုံးကပါ လေးစားစေခဲ့တယ်''ဟု ကင်မရွန်းက ပြောကြားခဲ့သည်။

''ဒီနေ့မှာ သူမရဲ့ထူးကဲတဲ့ စံချိန်အတွက်ရော၊ ကြီးမြတ်တဲ့ ဂုဏ်အသရေနဲ့ တိုင်းပြည်အကျိုး ထမ်းရွက်ခဲ့တာတွေအတွက်ရော ကျနော်တို့ ဂုဏ်ပြုသဘင် ဆင်ယင်ကျင်းပသင့်ပါတယ်''ဟု ကင်မရွန်းကပြော ကြားခဲ့သည်။

ဘုရင်မကြီးနှင့်နီးစပ်သူများကမူ ဘုရင်မကြီးမှာ သူမ၏ သမိုင်းမှတ်တိုင်နှင့် ပတ်သက်၍ တုန်လှုပ်အံ့သြမနေကြောင်းနှင့် သူမ အချိန်အကြာကြီး အသက်ရှင်နေထိုင်ခဲ့သည်ထက် နည်းနည်းလေးသာပိုသည် ဟုယုံကြည်နေကြောင်း ပြောကြားကြသည်။  

ဘုရင်မကြီးမှာ ကနဦးက လူသိရှင်ကြား အထိမ်းအမှတ်အခန်းအနား ကျင်းပရန် မရည်ရွယ်သော်လည်း လူထု၏ဆန္ဒကို အလေးထားသည့်အားလျော်စွာ၊ သူမ နွေရာသီအားလပ်ရက်များ ကုန်ဆုံးရာ စကော့တလန်တွင် တရားဝင် ပွဲကျင်းပတော့မည်ဖြစ်သည်။

သူမ ထီးနန်းစိုးစံစဉ်ကာလတစ်လျှောက်လုံး သူမ၏ဘေးတွင် အမြဲရှိနေခဲ့သည့် ကြင်ယာတော် မင်းသားကြီး ဖိလစ်နှင့်အတူ ဘုရင်မကြီးမှာ ဗြိတိန်တွင် တည်ဆောက်တော့မည့် အရှည်ဆုံး ပြည်တွင်း ရထားလမ်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရေနွေးငွေ့အားသုံးရထားဖြင့် ခရီးသွားမည်ဖြစ်သည်။ ထို့နောက် ဘုရင်မကြီးက ရှားရှားပါးပါး လူထုသို့ မိန့်ခွန်းစကား ပြောကြားလိမ့်မည်ဟုလည်း ဘက်ကင်ဟန်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

''ကျမဟာ သမိုင်းရဲ့ ဘုရင်တွေ၊ ဘုရင်မတွေကို ဆက်ခံသူါ်၊ ရှင်တို့အတွက် ဝေးလှမ်းတဲ့ ခပ်ဝါးဝါးပုံရိပ်တစ်ခုပဲ ဖြစ်နေမှာ ရှောင်လွှဲမရပါဘူး''ဟု ၁၉၅၇ခုနှစ်က ပထမဆုံးအကြိမ် ရုပ်သံလွှင့် ခရစ်စမတ်သတင်းစကားတွင် ဘုရင်မကြီးက ပြောကြားခဲ့သည်။

''ကျမက ရှင်တို့ကို စစ်ပွဲထဲ ဆွဲခေါ်မသွားနိုင်ဘူး။ ကျမက ရှင်တို့ကို ဥပဒေတွေလည်း မပေးနိုင်၊ တရားမျှတမှုကိုလည်း မစီမံနိုင်ဘူး။ ဒါပေမယ့် တစ်ခုတော့ ကျမလုပ်နိုင်တယ်။ ဒီကျွန်းတွေကိုရော ၊ သွေးရင်းမိတ်ဆွေနိုင်ငံတွေက ပြည်သူတွေကိုရော ကျမရဲ့အသည်းနှလုံး၊ ကျမရဲ့ မေတ္တာတရားကိုတော့ ပေးနိုင်တယ်''ဟု ဘုရင်မကြီး အဲလိဇဘတ်က ပြောကြားခဲ့ဖူးသည်။

မင်းသမီးငယ်တစ်ပါးအနေဖြင့် အဲလိဇဘတ်မှာ ဧကရီဘုရင်မတစ်ပါး ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားသည့်အချိန်တွင် သူမ၏ဖခင် ဆဌမမြောက်ဂျော့က အစ်ကိုကြီးဖြစ်သူ အဌမမြောက် အက်ဒွပ်က ၁၉၃၆ခုနှစ်တွင် အမေရိကန်သူ တစ်ခုလပ် ဝီလီဆင်ပဆန်ကို လက်ထပ်ရန် နန်းစွန့်သွားသည့်အခါ သရဖူကို လွှဲပြောင်းဆက်ခံခဲ့ရသည်။ ဖခင်ဖြစ်သူ နတ်ရွာစံသွားပြီးသည့်နောက် ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၆ရက် ၂၅နှစ်သမီးအရွယ်တွင် အဲလိဇဘတ်မှာ ဗြိတိန်၏ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မအဖြစ် နန်းတက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly