နိုင်ငံခြားရေးဝန်ကြီးဘဝက ကိုယ်ရေးကိုယ်တာ အီးမေးဆာဗာကို အသုံးပြုခဲ့သည့်အတွက် ဟီလာရီကလင်တန် ပထမဆုံးအကြိမ် ၀န်ချတောင်းပန်

နိုင်ငံခြားရေးဝန်ကြီးဘဝက ကိုယ်ရေးကိုယ်တာ အီးမေးဆာဗာကို အသုံးပြုခဲ့သည့်အတွက် ဟီလာရီကလင်တန် ပထမဆုံးအကြိမ် ၀န်ချတောင်းပန်

ဝါရှင်တန်၊ စက်တင်ဘာ - ၉ ။        ။ ဟီလာရီကလင်တန်က သူမ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကိုယ်ရေးကိုယ်တာ အီးမေးအကောင့်ကို အသုံးပြုခဲ့ခြင်းအတွက် စက်တင်ဘာလ ၈ရက်နေ့က ပထမဆုံးအကြိမ် ဝန်ချတောင်းပန်ခဲ့ရာ သူမ၏ မဲဆွယ်စည်းရုံးရေးကို အရိပ်ထိုးနေသည့် အငြင်းပွားမှုကို အဆုံးသတ်စေသည့်နည်းလမ်းတစ်ရပ်အနေဖြင့် ဒီမိုကရတ်အများစုက ကာလကြာမြင့် စွာကတည်းက မျှော်လင့်စောင့်စားနေခဲ့ကြသည့် ဝန်ခံချက်တစ်ခုပင် ဖြစ်သည်။

''ဒါကအမှားတစ်ခုပါ။ အဲဒီ့အတွက် ကျမဝမ်းနည်းပါတယ်။ ကျမ တာဝန်လည်းယူပါတယ်။ တတ်နိုင်သမျှ ပွင့်လင်းမြင်သာဖို့ ကြိုးစားနေပါတယ်''ဟု ကလင်တန်က အင်္ဂါနေ့ညက လေလှိုင်းမှ ထုတ်လွှင့်ခဲ့သည့် အေဘီစီသတင်းဌာန၏ ရုပ်သံအင်တာဗျူးတစ်ခုတွင် တုန့်ပြန်ဖြေကြားခဲ့သည်။

ထိုနေ့နှောင်းပိုင်းတွင်ပင် ကလင်တန်က လူမှုကွန်ရက်ဖေ့စ်ဘုတ်ပေါ်သို့ တက်လာခဲ့ပြီး သူမ၏ မြော်မြင်မှုကို ရှင်းပြချက်နှင့် သူမ၏ အီးမေးအသုံးပြုမှုအကြောင်း မဲဆွယ်စာပေများသို့ ချိတ်ဆက် (links)များ ပါဝင်သည့် လှိုက်လှိုင်လှဲလှဲဝန်ခံချက်ကို သူမကို ထောက်ခံသူများထံသို့ အီးမးစာလွှာများ ပေးပို့ခဲ့သည်ဟု ဆိုသည်။

''ဟုတ်ပါတယ်။ ကျမဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတုန်းမှာ အီးမေးလိပ်စာနှစ်ခု အသုံးပြုခဲ့သင့်ပါတယ်။ တစ်ခုက ကိုယ်ရေးကိုယ်တာအတွက်၊ နောက်တစ်ခုက အလုပ်အတွက်ပါ။ အဲဒီလို မလုပ်ခဲ့တာဟာ မှားတာပါပဲ။ အဲဒီ့အတွက် ကျမဝမ်းနည်းပါတယ်။ ကျမ အပြည့်အ၀ တာဝန်ယူပါတယ်''ဟု ကလင်တန်က ထောက်ခံသူများထံသို့ ပေးပို့သည့် အီးမေးစာလွှာများတွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် ကလင်တန်ကို ဝေဖန်သူများက လျှို့ဝှက်အီးမေးများကို တရားမဝင် ပေးပို့လက်ခံရန် ကိုယ်ရေးကိုယ်တာ အီးမေးဆာဗာကို အသုံးပြုနေခဲ့သည်ဟု သူမကို စွပ်စွဲနေကြသော်လည်း ကလင်တန်ကမူ သူမ ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်းနှင့် မည်သည့် လျှို့ဝှက်အီးမေးကိုမျှ မပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ အစိုးရ၏ ထုံးနည်းဥပဒေများက ကိုယ်ပိုင် အီးမေးလိပ်စာကို ဆက်လက်ထိန်းသိမ်းထားရန် သူမကို ခွင့်ပြုခဲ့သည်ဟုလည်း ကလင်တန်နှင့် ၎င်းအားထောက်ခံသူများက ထောက်ပြခဲ့ကြသည်။

ကလင်တန်က အလုပ်နှင့်ဆက်နွယ်နေသည့် အီးမေးစာမျက်နှာပေါင်း ၅၅၀၀၀ကို လွှဲပြောင်းပေးခြင်းဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့သကဲ့သို့ပင် သူမ၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ကလည်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲအပါအဝင် အစိုးရထိပ်တန်းအရာရှိများမှာ အစိုးရကိစ္စများအတွက် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အီးမေးလိပ်စာများကို အသုံးပြုခဲ့သည်များ ရှိခဲ့ကြောင်း ထောက်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly