NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အတိုင်ပင်ခံ၊ တပ်ချုပ်နှင့် EAOs တို့ ဆွေးနွေးပွဲ ပုပ္ပါးမှ နေပြည်တော်သို့ ပြောင်းရွှေ့ပြုလုပ်မည်

.

Myanmar opposition leader Aung San Suu Kyi attends the opening ceremony of Union Peace Conference in MICC 2 at NayPyiDaw on January 12, 2016. Suu Kyi will address ethnic armed groups, organisers of a fresh round of peace talks said, after she outlined peace as a priority for her government when it takes power in March. AFP PHOTO / Ye Aung THU Ye Aung Thu / AFP

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။           ။ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်အခမ်းအနားနှင့်အတူ ကျင်းပမည့် အတိုင်ပင်ခံ၊ တပ်ချုပ်နှင့် EAOs တို့၏ထိပ်သီးဆွေးနွေးပွဲကို မူလစီစဉ်ထားသည့် ပုပ္ပါးတွင် ပြုလုပ်ဖြစ်မည်မဟုတ်ဘဲ နေပြည်တော်သို့ ပြောင်းရွှေ့ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ဖွဲ့ စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)  ၏ အစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ အစိုးရဘက်ကတော့ ပြင်ဆင်မှုက ပုပ္ပါးလို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က စဉ်းစားချက်က ပုပ္ပါးထက်စာရင် ကျယ်ကျယ်ဝန်းဝန်းရှိမယ်။ အားလုံးဆွေးနွေးတိုင်ပင် အပြန်ပြန်အလှန်လှန် ညှိနှိုင်းနိုင်တဲ့ အခင်းအကျင်းမျိုးက ရန်ကုန်မြို့ကပိုပြီးသင့်လျော်တယ်လို့ ကျွန်တော်တို့ဘက်က အဆိုပြုတယ်။ ဒါပေမယ့် နောက်ဆုံးဆက်ပြီးညှိတဲ့အခါမှာတော့ နေပြည်တော်ဟာ ပိုပြီးတော့ပဲ အစိုးရရော၊ တပ်မတော်ခေါင်းဆောင် တွေကရော ပိုပြီးလက် လှမ်းမီနိုင်တယ်။ ကျွန်တော်တိုအတွက်လည်း ကျယ်ကျယ်ဝန်းဝန်း အဆင်ပြေနိုင်တယ် ဆိုတဲ့အတွက် နေရာက နေပြည်တော်ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု PPST အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ အဓိက တစ်ဆို့နေသည့် အချက်များဖြစ်သော ခွဲမထွက်ရေးကိစ္စ၊ တစ်ခုတည်းသောတပ်မတော် ထားရှိရေးကိစ္စများနှင့် ဖက်ဒရယ်အခြေခံမူများကို ဆွေးနွေးကြမည်လည်း ဖြစ်သည်။

လာမည့် အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် ယင်းထိပ်သီးအစည်းအဝေးကို PPST အဖွဲ့ ခေါင်းဆောင် ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်ချုပ် စောမူတူးစေးဖိုး၊ ဒုအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ် အပြင် ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

“ သေချာတာတစ်ခုကတော့ အခုဟာက နှစ်ဖက်ညှိနှိုင်းမှုအရ နေပြည်တော်မှာပဲဆက်ပြီးကျင်းပဖို့ သဘောတူထားခဲ့တာဖြစ်ပါတယ် ” ဟု ရဲဘော်သံခဲက ပြောသည်။

အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ဘက်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဆိုပါ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

အစည်းအဝေးကို လက်ရှိ အစိုးရနှင့် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်း လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည်  ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်။