NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ငလျင်နဲ့ ဆူနာမီကြုံရာ အင်ဒိုနီးရှားမှာ ပြင်းအား ခြောက်အဆင့် ငလျင် လှုပ်ပြန်ရာမှာ လူသုံးဦး သေဆုံး

.

ဂျကာတာ၊ အောက်တိုဘာ ၁၁ ။                 ။ ငလျင်နဲ့ ဆူနာမီ သဘာဝဘေးဒဏ်ကြုံလို့ လူပေါင်း နှစ်ထောင်ကျော်ထက်မနည်း သေဆုံးရတဲ့ အင်ဒိုနီးရှား ကျွန်းဆွယ်မှာ သီတင်းနှစ်ပတ်အတွင်းမှာပဲ နောက်ထပ် ငလျင်လှုပ်ပြန်တာကြောင့် လူသုံးဦး သေဆုံးပါတယ်။

အင်ဒိုနီးရှား ဘာလီကျွန်းနဲ့ ဂျာဗားကျွန်း ကမ်းရိုးတန်းမှာ  အောက်တိုဘာ  ၁၁ ရက် နံနက်အစောပိုင်းအချိန်မှာ အင်အား ၆ ဒဿမ ၀ အဆင့်ရှိ ငလျင်လှုပ်သွားတာဖြစ်ပြီး အိပ်မောကျနေတဲ့ ဒေသခံတွေ လန့်နိုးပြီး လမ်းပေါ် ဆင်းပြေးတာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အထူးထိပ်သီးညီလာခံနဲ့ ကမ္ဘာ့ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ခုအပတ်အတွင်း ကျင်းပနေတာကြောင့် ဘာလီကျွန်းဆီ ဒီအစည်းအဝေးပွဲတွေ လာရောက်တက်ရောက်သူ ကိုယ်စားလှယ်အချို့ ငလျင်လှုပ်ချိန်မှာ  ဟိုတယ်တွေကနေ ဘေးလွတ်ရာ ပြေးခိုကြတာတွေလည်း ရှိခဲ့ပါတယ်။

“ကျွန်တော် ခံစားလိုက်ရတာကတော့ ငလျင်ဟာ စက္ကန့် သုံးဆယ်လောက်တော့ ကြာတယ်။ ကျွန်တော်လည်း ကြောက်လန့်သွားတာပေါ့။ ပထမတော့ အပြင်မထွက်လိုဘူး၊ ဒါပေမယ့် အပြင်မှာ ထွက်နေတာပဲ ကောင်းမယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။”လို့ IMF ထိပ်သီးအစည်းအဝေး တက်ရောက်တဲ့ အင်ဒိုနီးရှား ကိယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှုနဲ့ ဒဏ်ရာရစာရင်း လတ်တလော ချက်ချင်း မသိရသေးသလို အောက်တိုဘာ ၁၁ ရက်မှာ ကျင်းပတဲ့ IMF ထိပ်သီးညီလာခံလည်း အစီအစဉ် ပျက်သွားခြင်း မရှိခဲ့ပါ။

“ငလျင်ဒဏ် ကြုံတွေ့ခံစားရသူတွေအတွက် ၀မ်းနည်းကြောင်း ပြောလိုပါတယ်။ ဘာလီကျွန်းမှာ လှုပ်တဲ့ ဒီငလျင်မှာတော့ ပျက်စီးဆုံးရှုံးမှုတွေ တိတိပပ မရှိခဲ့သလို အစည်းအဝေးအတွက်လည်း အနှောင့်အယှက် မဖြစ်ခဲ့ပါဘူး။”လို့ IMF ပြောခွင့်ရသူတစ်ဦးက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပြင်းအား ၇ ဒဿမ ၅ အဆင့် ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ပေါ်ခဲ့ရာမှာ လက်ရှိအထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေထဲ လူပေါင်း ၂၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။