NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ ယူ ၁၇ ဘောလုံးသမားများနှင့်တွေ့ဆုံ

.

ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ရန်ကုန်၊ အောက်တိုဘာလ ၉ ။            ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်များသည် မြန်မာအပါအဝင် နိုင်ငံတကာမှ ယူ ၁၇ ဘောလုံးကစားသမားများနှင့် သွားရောက် တွေ့ဆုံခဲ့ သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Akasaka Palace ဟိုတယ်တွင် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ်များ ဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့မှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေး မှူးများနှင့်ယူ ၁၇ အသင်းခေါင်းဆောင်များကို အောက်တိုဘာလ ၉ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် Mekong -Japan Summit Ceremony အခမ်းအနားတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။

“ဂျပန်နဲ့ မဲခေါင်ဒေသတွင်းနိုင်ငံတွေ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိစေဖို့အတွက် ယခုလို ဘောလုံးအားကစားနဲ့ ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်းမှာ များစွာအကျိုးရှိပါတယ်။ ဂျပန်-မဲခေါင် ယူ၁၇ ပြိုင်ပွဲလိုပဲ ဖိတ်ခေါ်ပြိုင် ပွဲတွေနဲ့  ဒေသတွင်းနိုင်ငံတွေ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါတယ်။ မဲခေါင်ဒေသတွင်း ဘောလုံးအားကစား အဆင့်အတန်းလည်း ပိုမို မြင့်မားလာစေဖို့အတွက်ဆန္ဒပြုပါတယ်”ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလ ၉ ရက်၊ နံနက်ပိုင်းတွင်လည်း မဲခေါင်ဒေသတွင်းနိုင်ငံများ ဘောလုံးလောက ပိုမို ဖွံ့ဖြိုးရေး အတွက် တိုကျိုမြို့တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဂျပန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် အထွေထွေ အတွင်းရေးမှူးများ အတူတကွ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ဆွေးနွေးမှုတွင် မဲခေါင်ဒေသ ဘောလုံးအဖွဲ့ချုပ် တစ်ရပ် ထူထောင်ဖွဲ့စည်း၍ ဒေသတွင်း နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူငယ်ပြိုင်ပွဲများ ပိုမိုကျင်းပနိုင်ရေး၊ အမျိုးသား အမျိုးသမီးနှင့် သက်တမ်းအလိုက် ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ နည်းစနစ်နှင့် ပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ လူငယ် ဘောလုံးပွဲတော်များ ကျင်းပခြင်းတို့ပါဝင်သည်။