NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

Miss Grand International 2018 ကို မြန်မာတွင် ကျင်းပမည်

.

ဓာတ်ပုံ - သူရ

ရန်ကုန်၊ အောက်တိုဘာ ၈ ။            ။ နိုင်ငံပေါင်း ၈၀ မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်မည့် Miss Grand International 2018 ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။

ရန်ကုန်မြို့၊ကရ၀ိတ်ဟိုတယ်တွင် အောက်တိုဘာလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အလှမယ်များ တက်ရောက်ခဲ့သည်။

“ စစ်ပွဲနှင့်အကြိမ်းဖက်မှုများရပ်တန့်စေရေး” ဆိုသည့်ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် မဆုမြတ်ဖူး က ယှဉ်ပြိုင်မည်ဖြစ်သည်။

"အထူးသဖြင့် မြန်မာနိုင်ငံကို မရောက်ဖူးတဲ့သူပဲဖြစ်ဖြစ် သတင်းတွေဖတ်တယ်ပေါ့။ တချို့ဆိုရင် မြန်မာနိုင်ငံကို မသိတဲ့သူတောင် ပါတယ်ပေါ့။ အဲဒီအချိန်မှာဘာပဲဖြစ်ဖြစ် ကျွန်မတို့သိစေချင်တဲ့အကြောင်းအရာတွေ ပြောစေချင်တဲ့အကြောင်းအရာတွေ ကိုယ်က ပြောတာမဟုတ်ဘဲ သူတို့ကိုယ်တိုင် မြင်သွားတဲ့ အကျိုးရလဒ်မျိုး ဖြစ်စေချင်တာပေါ့နော်။ မြန်မာနိုင်ငံမှာက အေးအေးချမ်းချမ်းဘယ်လိုနေထိုင်ကြတယ်၊ ဘယ်လိုမျိုး ဖော်ရွေတယ်၊ ဘယ်လိုမျိုး ယဉ်ကျေးမှုတွေ ရှိတယ်၊ ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်တဲ့နေရာတွေလည်း Fresh ဖြစ်နေသေးတယ်ပေါ့၊ စသဖြင့်ပေါ့ ကဏ္ဍပေါင်းစုံအတွက်ကို သူတို့ကိုယ်တိုင်မြင်သွားတဲ့အတွက် ဒီဟာတွေက ကမ္ဘာကို သူတို့နိုင်ငံကိုပြန်ပြီးတော့ရောက်ရှိမယ့် ကောင်းသတင်းတွေအဖြစ်ပေါ့ ။ ဒါတွေက ဒီမှာ လုပ်ရခြင်းအားဖြင့် အကျိုးကျေးဇူးတွေ ရရှိနိုင်တဲ့အချက်တွေပေါ့" ဟု မြန်မာနိုင်ငံဘက်မှ ပွဲစီစဉ်သူ မစိုးယုဝေ က ပြောသည်။

ဒိုင်အဖွဲ့အနေဖြင့် ပွဲစီစဉ်သူများနှင့်သက်ဆိုင်ခြင်းမရှိဘဲ Miss Grand International မှ ဒိုင်များက အမှတ်ပေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ကျင်းပသည့် Miss Grand International 2018 ပြိုင်ပွဲတွင် အမျိုးသား ၀တ်စုံပြိုင်ပွဲ၊ ရေကူးဝတ်စုံပြိုင်ပွဲ၊ အကြိုပြိုင်ပွဲ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ ဟူ၍ အမျိုးအစား ၄ မျိုးပါဝင်မည်ဖြစ်ကာ ရန်ကုန်မြို့နှင့် ကော့သောင်းမြို့များတွင် ကျင်းပမည်ဖြစ်သည်။

အမျိုးသားဝတ်စုံပြိုင်ပွဲ( National Costume ) ကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ရေကူးဝတ်စုံပြိုင်ပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကော့သောင်းမြို့၌လည်းကောင်း၊ အကြိုပြိုင်ပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့၌ ရန်ကုန်မြို့၌လည်းကောင်း၊ နောက်ဆုံးအဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲပြီးပါက အကောင်းဆုံး အမျိုးသားဝတ်စုံဆု၊ အကောင်းဆုံး ရေကူးဝတ်စုံဆု၊ အကောင်းဆုံး Evening Gown ဆု၊ အကောင်းဆုံး ဆိုရှယ်မီဒီယာဆုနှင့် လူကြိုက်အများဆုံးမဲဆု တို့ကို ပေးအပ်သွားမည်ဖြစ်သည်။

Miss Grand International ပြိုင်ပွဲသည် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှစတင်ကျင်းပခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်တွင် ၆ ကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင်းပခြင်းဖြစ်သည်။

ယခင်နှစ် ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် Miss Grand International 2017 တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် အေးချမ်းမိုးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ပေါ်တိုရီအလှမယ်၊ ကျုးဘား အလှမယ်၊ အင်ဒိုနီးရှားအလှမယ်နှင့် ပီရူးအလှမယ်အသီးသီးတို့မှ ဆုရရှိထားခဲ့သည်။