NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ကို လူမင်းက ဒါရိုက်တာအဖြစ် ရိုက်ကူးမည်

.

ရန်ကုန်၊ အောက်တိုဘာ ၇ ။          ။ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိရုပ်ရှင်ကို လူမင်းက ဒါရိုက်တာအဖြစ် ရိုက်ကူးရန်  ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဒါရိုက်တာမင်းထင်ကိုကိုကြီးမှာ ဇာတ်ညွှန်းရေးသားမှု ပြီးစီးနိုင် ခြင်းမရှိသည့်တွက် လုပ်ငန်းတာဝန်မှ အနားယူခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဦးမင်းထင်ကိုကိုကြီးအနေနဲ့ သူလက်ခံထားတဲ့ တစ်ခြားရုပ်ရှင်အနုပညာဆိုင်ရာလုပ်ငန်းတွေက သိပ်များလွန်းတဲ့အခါကျတော့ သူ့ကို တာဝန်ပေးထားတဲ့ ကိုးလ၊ ဆယ်လခန့်အတွင်းမှာ လက်တွေ့ ရိုက်နိုင်မယ့် ဇာတ်ညွှန်းကို သူလမရေးသားနိုင်ခဲ့ပါဘူး။ မရေးနိုင်ခဲ့တဲ့အခါကျတော့ သူ့ကို ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးလုပ်ငန်းကနေ အနားယူခွင့်ပြုခဲ့ပါတယ်။" ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရန်ဇာတ်ညွှန်းကို ယခင်က ရုပ်ရှင်ပညာရှင်များ ရေးဆွဲအတည်ပြုထားသည့် ၁၁၉ Scene ပါသော ပင်မကျောရိုးဇာတ်ညွှန်းကို မြန်မာသမိုင်းပညာရှင်များအဖွဲ့များနှင့် ဒါရိုက်တာ အိအိခိုင်တို့ဖြင့် အပတ်စဉ် တွေ့ဆုံဆွေးနွေးကာ ညှိနှိုင်းရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရသည်။

" ဒေါ်အောင်ဆန်းစုကြည်ပြောသလို အမေစုပြောသလိုပါပဲ။ ဗိုလ်ချုပ်အကြောင်းကိုရိုက်တယ်ဆိုတာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းကြောင်းလည်းဖြစ်သလို မြန်မာ့တပ်မတော်ရဲ့သမိုင်းကြောင်းကို လည်း ရိုက်တာဖြစ်တဲ့အတွက် ဒီတာဝန်က အရမ်းကိုကြီးပါတယ်။ ဒါပေမယ့်လည်း  ကိုယ့်အနေနဲ့ ယုံကြည်မှုရှိတာက အခုဟာက အဆင့်မြင့်ဆုံး နိုင်ငံတော်အဆင့်ဇာတ်ကားတစ်ခုလိုပဲ ဋ္ဌာနဆိုင်ရာ အသီးသီးက ပံ့ပိုးဆောင်ရွက်မှာဖြစ်တဲ့အတွက်ပါ။ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးကလည်း ငွေရေးကြေးရေးပိုင်းကအစ လိုလေသေးမရှိပံပိုးမှာဖြစ်ပါတယ်။" ဟု လူမင်းက ပြောသည်။

ရိုက်ကူးရန်အတွက်လည်း အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်းကာလ ၂၀၂၀အတွင်းကြည့်ရှုခွင့်ရရှိတော့မည်ဖြစ်ကြောင်း ၀န်ကြီးသူရဦးအောင်ကိုကပြောကြားသည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရန် ကျပ်သိန်းပေါင်း ၁ သောင်းခန့် လျာထားကြောင်းသိရပြီး လက်ရှိတွင် စုစုပေါင်း ကျပ်သိန်း ၁၂၀၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၅၀၀၀ နီးပါး ရရှိထားကြောင်း သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးကို လက်ရှိအစိုးရသက်တမ်းကာလ ၂၀၂၀ အတွင်း ကြည့်ရှုခွင့်ရရှိတော့မည်ဖြစ်ကြောင်း ၀န်ကြီးသူရဦးအောင်ကိုက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ၅ နှစ်တာ ကာလအတွင်း ရိုက်ကူးနိုင်ခဲ့ခြင်းမရှိ၍ ဝေဖန် မှုများထွက်ပေါ်ခဲ့သည်။