စစ်မှန်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ စိန်ခေါ်မှုများ

စစ်မှန်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ စိန်ခေါ်မှုများ

ဘယ်နိုင်ငံမှာမဆို ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ဖို့ ဆိုရင် အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး လိုအပ်ချက်က လွတ်လပ်ပြီး တရားမျှတမှု ငြိမ်းချမ်းမှု ဆိုတဲ့ အခြေခံ အချက်မလွဲမသွေရှိမှ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

အခုဆိုရင် လာမယ့်နှစ်လအတွင်း မိမိတို့မြန်မာနိုင်ငံမှာ အထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲ ကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မိမိတို့ မဲရရှိအောင်မြင်ဖို့ နိုင်ငံရေးပါတီတွေက မိမိတို့ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိဖို့ စိုင်းပြင်း ပြင်ဆင်နေကြရပြီ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးရမယ့် ရွေးကောက်ပွဲကော်မရှင် အပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများအနေနဲ့လည်း ရေးကောက်ပွဲဝင်ကြမယ့်သူတွေ ရွေးကောက်ပွဲ မဲပေးကြ မယ့်သူတွေအားလုံး ဥပဒေနဲ့အညီ မဲပေး မဲရရှိရေးအတွက် ကြပ်မတ်ဆောင်ရွက်တဲ့ အလုပ်တွေ ဆက်တိုက် လုပ်ဆောင်နေကြရပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လာမယ့် မိမိတို့နိုင်ငံရဲ့ ရွေးကောက်ပွဲကို တရားမျှတဲ့ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ စိန်ခေါ်မှုတချို့ကတော့ ရှိနေဆဲဖြစ်တယ်လို့လည်း ယူဆမိပါတယ်။

ပထမဆုံး စိန်ခေါ်မှုကတော့ လာမယ့်ရွေးကောက်ပွဲဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ကျင်းပမှာဖြစ်လို့ အမှန်တကယ် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဟုတ်သေးဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။ ဥပမာပြောရရင် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေပါ ပုဒ်မအချို့ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့ မကိုက်ညီပဲ ပြန်လည်ပြုပြင် ပြောင်းလဲဖို့ လိုအပ်ပြီး မပြောင်းလဲ မပြုပြင်ပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ တရားမျှတ မှန်ကန်မှုဘက်မှာ အားနည်းသွားနိုင်တယ်လို့ ဝေဖန်သူတွေ ရှိခဲ့ပါတယ်။ ဥပမာပြောရရင် ပုဒ်မ ၅၉ (စ)လို၊ ပုဒ်မ ၄၃၆ လို ပုဒ်မများ ဖြစ်ပါတယ်။ ဒီပုဒ်မတွေဟာ လွတ်လပ်စွာ ရွေးချယ်ခံနိုင်ခွင့်နဲ့ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံချိန်ခွင်လျှာ မမှန်ကန်မှုကို ဖော်ပြတဲ့ ပုဒ်မဖြစ်တာမို့ လာမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီ စံချိန်စံညွှန်း အားနည်းနိုင်တယ်လို့ ထောက်ပြ ဝေဖန်ကြပါတယ်။ ဒါကလည်း လာမယ့် ရွေးကောက်ပွဲကို စိန်ခေါ်တဲ့ အချက်တစ်ခုလို့ ပြောနိုင်ပါတယ်။

နောက်ထပ်စိန်ခေါ်မှုက မဲစာရင်းများ ယခုထက်အထိ မှန်ကန်တိကျမှု အားနည်းနေသေးတဲ့ အချက် ဖြစ်ပါတယ်။ မဲစာရင်းတွေဟာ သာမာန်မှားယွင်း တိမ်းစောင်းမှုမဟုတ်ပဲ လွန်လွန်ကဲကဲ မှားယွင်းနေတာ၊ ပြီးတော့ လွန်လွန်ကဲကဲ ချို့ယွင်းနေတာတွေ ရှိခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ဒီမဲ စာရင်းတွေအတွက် တာဝန်အရှိဆုံးကတော့ ရွေးကောက်ပွဲ ကော်မရှင်ဖြစ်ပေမယ့် အချိန်နီးကပ်လာနေတဲ့ ရွေးကောက်ပွဲအတွက် ကော်မရှင်အပါအဝင် မဲဆန္ဒရှင်များ ကိုယ်တိုင်ကလည်း ကိုယ့်မဲစာရင်း တွေ မှန်ကန်မှု ရှိမရှိ တက်တက်ကြွကြွ စစ်ဆေး တည့်မတ်ပေးကြရမလို ဖြစ်နေပါတယ်။

ဒီနေရာမှာလည်း ပြည်သူတွေဟာ မဲစာရင်းတွေ မှန်ကန်တည့်မတ်ဖို့အရေး အားနည်းနေသေး တယ်လို့ ဝေဖန်သူတွေရှိနေပြီး ကော်မရှင်အနေနဲ့လည်း မဲစာရင်းတွေ မထုတ်ပြန်ခင်ကတည်းက စီစစ် မှုများ အားနည်းခဲ့လို့သာ အခုလို မဲစာရင်းတွေ အမှားမှားအယွင်းယွင်း ဖြစ်ခဲ့ကြရတာလို့လည်း ဝေဖန် ကြပါတယ်။ ဒါကလည်း လာမယ့်ရွေးကောက်ပွဲကို စိန်ခေါ်နေတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးတစ်ချက်က သဘာဝဘေးဥပါဒ်ဒဏ် ခံခဲ့ကြရတဲ့ တိုင်းနဲ့ပြည်နယ် ၁၁ ခုရဲ့ အခြေအ နေ ဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝဘေးဥပါဒ်ဒဏ် ကျရောက်တဲ့ ဒေသများအဖြစ် အစိုးရကိုယ် တိုင်က ကြေညာသတ်မှတ်ခံရတဲ့ ဒေသများရဲ့အခြေအနေ ဖြစ်ပါတယ်။ ဒီဒေသတွေဟာ အမှန်တက ယ်အားဖြင့်ဆိုလျင် ပြန်လည်တည်ဆောက်ရေး ကိစ္စဆိုတာကိုပင်လျင် မစနိုင်သေးတဲ့ အခြေအနေမှာ ရှိပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အတောမသတ်နိုင်သေးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒီဒေသ တွေမှာ ဝမ်းရေးအတွက် အဓိကလုပ်ကွက်တွေဖြစ်တဲ့ လယ်ယာကိုင်းကျွန်း လုပ်ကွက်တွေ ပျက်စီး သွားမှုကြောင့် ကျေးလက်ထူထု တည်ငြိမ်မှုမရှိနိုင်သေးတဲ့ အခြေအနေများဟာ ရွေးကောက်ပွဲကို စိန်ခေါ်နေတဲ့ အချက်တစ်ချက် ဖြစ်တယ်လို့လည်း ဝေဖန်သူတွေ ရှိကြပါတယ်။

မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲကြီးကတော့ ၂ လတာ ကာလအတွင်း မလွဲမသွေ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ မိမိတို့အားလုံး အနေနဲ့ကလည်း ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသည်ဖြစ်ပါစေ ရွေးကောက်ပွဲကိုတော့ မလွဲမသွေ ဖြတ်သန်းကြရတော့မယ့် သဘောလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကြားကာလ ရွေးကောက်ပွဲမကျင်းမီ ကာလအတွင်း ယင်းစိန်ခေါ်မှုများ လျှော့နည်းနိုင်သမျှ လျှော့နည်းသွားရလေအောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags