NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အချိန် ၃နှစ်ခန့် စောင့်လိုက်ရသော "သမ္မတကြီးထံပေးစာ" ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

.

Photo-သမ္မတကြီးထံပေးစာ - A Letter To The President facebook

ရန်ကုန်၊အောက်တိုဘာ ၅ ။            ။ ဇာတ်ကားအမည်ကြောင့် ခွင့်ပြုချက်ရဖို့ ၃ နှစ်လောက် အချိန်ယူခဲ့ရပြီး မကြာမီရုံတင်ပြသတော့မယ့် "သမ္မတကြီးထံပေးစာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲနဲ့ အကြိုပြသပွဲကို ရန်ကုန် မြို့၊ Junction City မှာ အောက်တိုဘာလ ၄ ရက်နေ့ညပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားဟာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးရဲ့အကျင့်ပျက်ခြစားမှုတွေနဲ့ အုပ်ချုပ်သူလူတန်းစား တစ်ချို့ဟာ တရားစီရင်ရေး အပိုင်းမှာ လွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့အချက်ကို သရုပ်ဖော်တင်ဆက်ထားပြီး သရုပ်ဆောင်ဖွေးဖွေးက သတင်း ထောက်၊ ရှေ့နေမလေး အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။

" ဖွေးဆိုရင်လည်း ၈၈ ခုနှစ်မှာ မွေးတာပေါ့နော်။ ကိုယ်လည်း အဲဒီလိုကာလမှာကြီးပြင်းခဲ့ရတာပဲပေါ့နော်။ အကြောက်တရားနဲ့ကြီးပြင်းရတာပဲ။ ဒီလိုကားမျိုးကိုကျတော့ အရင်ခေတ်ကလည်းဆင်ဆာ မပေးခဲ့ဘူး။ ဒီစကားလုံးတွေကိုလည်း ဆင်ဆာမပေးခဲ့ဘူး။ ဒီခေတ်မှာတော့ လွတ်လွတ်လပ်လပ် ပြောလို့ရသွားတဲ့ အချိန်ပေါ့နော်။ အဲဒီအချိန်ရိုက်ရတာဆိုတော့ ကိုယ်အကြောက်တရားနဲ့ကြီးခဲ့ရတာကို တတ်နိုင်သလောက် မေ့ပြီးတော့ သတ္တိတွေ အရမ်းရှိလိုက်ရတာပေါ့။" လို့ သရုပ်ဆောင်ဖွေးဖွေးက ပြောပါတယ်။

ကလပ်တစ်ခုက တေးသံရှင်မိန်းကလေးတစ်ယောက်အသတ်ခံခဲ့ရတဲ့ကိစ္စမှာ ၀န်ကြီးတစ်ဦးရဲ့သားဖြစ်သူ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်ဖို့ကြိုးစားခဲတဲ့ သတင်းထောက်ရှေ့နေမလေးတစ်ယောက် ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ စာရေး ဆရာလူနေက ရေးသားထားပြီး ၀တ္တုအနေနဲ့လည်း အောင်မြင်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကို နေနော်က ဇာတ်ညွှန်းပြန်လည်ရေးသားပြီး ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

" နိုင်ငံအပေါ်အကျိုးပြုစေမယ့်လူတွေအပေါ်အကျိုးပြုစေမယ့်ကားတွေကို ရိုက်စေချင်ပါတယ်။ အဲဒီလို ရိုက်ဖို့ အတွက် ဒီလိုကားမျိုးအောင်မြင်မှသာလျှင် ထုတ်လုပ်သူက ရင်းနှီးမြုပ်နှံရဲမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီပွဲကို မရှုံးချင်ဘူးလို့ပြောတာ။ နောက်တစ်ချက်က ကျွန်တော် ဒီကားမှာ ပေးထားတဲ့ မတ်ဆေ့က ဒီကားမှာ သိသင့်တဲ့ စကားလုံးတွေကို မြန်မာနိုင်ငံမှာရှိတဲ့သန်း ၅၀ လုံးကို သိစေချင်တာ။ ကျွန်တော်တို့က ဒီစနစ်ကိုဖြတ်သန်းခဲ့ရ တာ။ ဒီမတရားမှုတွေပေါ်မှာ ဖြတ်သန်းခဲ့ရတာ။ ဒါတွေကို တရားမျှတမှုဆိုတဲ့လမ်းကြောင်းပေါ်ကို မရ ရအောင် ညီညီညာညာနဲ့တွန်းလှန်နိုင်မှ ကျွန်တော်တို့ဘ၀တွေ ငြိမ်းချမ်းမယ်ဆိုတာသိစေချင်လို့ အားလုံးကို ကြည့်စေ ချင်တာ။" လို့ ဒါရိုက်တာဝိုင်းက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်တို့က အဓိက သရုပ်ဆောင်ထားပြီး အရိုင်း၊ ထွန်းထွန်းဝင်း၊ ဇော်ဦးနဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးမှာပြသွားမယ်လို့ သိရပါတယ်။