နေပြည်တော်တွင် တိုင်းရင်းသားများ နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးချိန် ကချင်တွင်တိုက်ပွဲဖြစ်

နေပြည်တော်တွင် တိုင်းရင်းသားများ နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးချိန် ကချင်တွင်တိုက်ပွဲဖြစ်

ချင်းမိုင်၊ စက်တင်ဘာ ၈ ။ ။ နေပြည်တော်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးနေချိန်တွင် ကချင်ပြည်နယ် ဗန်မော်ခရိုင် မန်စီမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ တပ်ဖွဲ့တို့ နှစ်ရက်ကြာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု သိရသည်။

စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက် နံနက် ၇ နာရီဝန်းကျင်တွင် မန်စီမြို့နယ် တောင်ဘက် ဗန်းမော်-မိုးမိတ် သွားသည့် ကားလမ်းပေါ်ရှိ စီခန်း ကချင်လို ဂျေခမ်းနေရာတွင် အစိုးရ စစ်တပ်၏ တပ်ရင်း ၁၀၅၊ ၁၀၅ တပ်ဖွဲတို့ နယ်မြေ စိုးမိုးရေး လုပ်ဆောင်လာသဖြင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“မနေ့က ၉ နာရီ ၄၅ မိနစ်လောက်မှ တိုက်ပွဲဖြစ်တယ်။ ၁၀ မိနစ်လောက် ကြာတယ်။ ဒီနေ့မနက်လည်း ၈ နာရီ ၄၀ မိနစ်လောက်မှာလဲ တိုက်ပွဲ ပြန်ဖြစ်တယ်။ ကျနော်တို့ နေတဲ့ဘက်ကို သူတို့ ဝင်လာတယ်။ ဒီနေ့လည်း အစိုးရဘက်က တနေကုန် ညနေထိ ပစ်နေတယ်၊ အစိုးရ စစ်တပ်က ကျနော်တို့ဘက် တက်လာတယ်ဆိုတော့ မသတ်နိုင်ဘူး”ဟု သူက မဇ္ဈိမကိုပြောသည်။

အစိုးရ စစ်တပ်ဘက်မှ မိုင်းနင်းမှုများလည်း ရှိနေသဖြင့် ကျဆုံးမှု ရှိနေသည်ဟု သိရပြီး KIA ဘက်ကမူ ကျဆုံးသူ မရှိကြောင်း သူက ပြောသည်။

“မနေ့ကတိုက်ပွဲမှာလည်း အစိုးရဘက်က တဦးကျတာတွေ့ရတယ။် ဒီမနက်လည်း တဦးကျတာ တွေ့ရတယ်။ မိုင်းနှင်းမိတာလည်း ရှိတယ်၊ အနည်းဆုံး ၃၊ ၄ ယောက်လောက်ရှိမယ်ထင်တယ်”ဟု သူက ပြောသည်။

မန်စီမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့သည်မှာ တစ်လခန့် ကြာပြီ ဖြစ်ပြီး ယခု တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်းသည် အစိုးရစစ်တပ်ဘက်မှ နယ်မြေစိုးမိုးရေး လုပ်ဆောင်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်နှင့် KIA တပ်ဖွဲ့တို့ နီးကပ်စွာ ရှိနေသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု သူက ဆက်လက် ပြောဆိုသည်။

KIA တပ်ရင်း ၁၂ နမ်လင်းပါကျေးရွာတွင် အစိုးရ စစ်တပ်နှင့် ပြီးခဲ့သည့် မေလ တစ်လခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ လျော့ချရေး တွေ့ဆုံဆွေးနွေးရန်အတွင်း ကချင်ပြည်နယ် အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ စက်တင်ဘာလ ပထမပတ်တွင် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း ထိပ်သီးခေါင်းဆောင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေခြင်းကြောင့် တိုက်ပွဲ မဖြစ်ပွားရန် နှစ်ဖက်တပ်များ ထိန်းသိမ်းရန်သာ ပြောဆို၍ တွေ့ဆုံမှု ရပ်ဆိုင်းထားသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်အောင်က မဇ္ဈိမကို ပြောဆိုထားသည်။

KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် အင်ဘန်လနှင့် အတွင်းရေးမှူး ဒေါက်တာလဂျာတို့ နှစ်ဦး အပါအဝင် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ၈ ဦးတို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း အပြီးသတ်ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၉ ရက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့ မိုင်းပွန်ရှေ့ဘက် နမ့်မော်လင်လိန်ကျေးရွာ အနောက်ဘက်၊ ဆမ်ပူးကျေးရွာအနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး နှစ်ဖက် ကျဆုံးမှု ရှိနေသည်ဟု ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

အစိုးရစစ်တပ်ဘက်မှ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly