လူငယ်ပြိုင်ပွဲတွင် ရန်ကုန်အသင်း နိုင်ပွဲဆက်နေပြီး ရတနာပုံအသင်း နိုင်ပွဲ ပြန်လည်ရရှိ

လူငယ်ပြိုင်ပွဲတွင် ရန်ကုန်အသင်း နိုင်ပွဲဆက်နေပြီး ရတနာပုံအသင်း နိုင်ပွဲ ပြန်လည်ရရှိ
ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ်။ (ဓာတ်ပုံ - Yangon United )

စက်တင်ဘာ ၈၊ ရန်ကုန်။ ။ ၂၀၁၅ ခုနှစ် အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၁ ပွဲစဉ်များကို ဆက်လက်ကစားခဲ့ရာ အမှတ်ပေးဇယား ထိပ်ဆုံးတွင် ဦးဆောင်နေသော ရန်ကုန်လူငယ်အသင်းမှာ ဟံသာဝတီကို အနိုင်ယူကာ နိုင်ပွဲဆက်နေခဲ့ပြီး ဒုတိယနေရာမှ ရတနာပုံလူငယ်အသင်းမှာလည်း နိုင်ပွဲ ပြန်လည်ရရှိခဲ့သည်။

ပွဲစဉ် ၂၁ အပြီးတွင် ရန်ကုန်လူငယ်အသင်းက ၁၉ ပွဲကစားထားပြီး ၁၅ ပွဲနိုင်၊ သုံးပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၄၈ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေသည်။ ပြီးခဲ့သည့်တစ်ပတ် ပွဲစဉ် ၂၀ တွင် ရန်ကုန်လူငယ်အသင်းကို ဂိုးဒါဇင်ဝက် ဖြင့် ရှုံးနိမ့်ခဲ့သည့် ရတနာပုံလူငယ်အသင်းမှာ ပွဲစဉ် ၂၁ တွင် ဧရာဝတီအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ယူကာ နိုင်ပွဲပြန် လည် ရရှိခဲ့သည်။ ဒုတိယနေရာတွင် ရပ်တည်နေသော ရတနာပုံလူငယ်အသင်းသည် ပွဲစဉ် ၂၀ ကစားထားပြီး ၁၃ ပွဲနိုင်၊ ခြောက်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၄၅ မှတ် ရရှိထားသည်။

အသက် ၂၁ နှစ်အောက် မြန်မာနေရှင်နယ်လိဂ်လူငယ်အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၂ ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၂၁၊ ၂၂ ရက်များတွင် ဆက်လက်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် ငါးပွဲသာ ကျန်ရှိတော့သည်။ ပြိုင်ပွဲပြီးဆုံးရန် ငါးပွဲအလိုတွင် လက်ရှိ အမှတ်ပေးဇယား ဦးဆောင်နေသည့် ရန်ကုန် လူငယ်အသင်းသာ ဗိုလ်စွဲရန် ရေပန်းစားအဆုံးဖြစ်နေပြီး အမှတ်ပေးဇယား ဒုတိယနေရာမှ ရတနာပုံလူငယ် အသင်းက ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly