ယူ-၂၀ ကစားသမားအချို့ လက်ရွေးစင်အသင်းတွင် လိုအပ်ချက်များ ရှိနေဆဲ ဟု မိုဗစ် သုံးသပ်

ယူ-၂၀ ကစားသမားအချို့ လက်ရွေးစင်အသင်းတွင် လိုအပ်ချက်များ ရှိနေဆဲ ဟု မိုဗစ် သုံးသပ်
မြန်မာအသင်းမှ ယူ-၂၀ ကစားသမား သန်းပိုင်၏ နယူးဇီလန်နှင့်ပွဲမှ ကစားဟန်(ဓာတ်ပုံ- ရွှေဘုတ်)

စက်တင်ဘာ ၈၊ ရန်ကုန်။ ။ မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းမှ ကစားသမားအချို့မှာ အသင်းနှင့် အံဝင်ရန် လိုအပ်ချက်များ ရှိနေဆဲဟု
နည်းပြချုပ် အေဗရာမိုဗစ်က ပြောသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်း၌ ယူ-၂၀ မှ ကစားသမား ခြောက်ဦးထိ ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့သည့် နယူးဇီလန် လက်ရွေးစင်အသင်းနှင့် ရေဘေးရန်ပုံငွေခြေစမ်းပွဲတွင် အောင်သူ၊ နန္ဒကျော်၊ မျိုးမင်းလတ်၊ ကျော်မင်းဦး၊ သန်းပိုင် စသည့် ကစားသမားများ ပါဝင်ကစားခွင့် ရရှိခဲ့သည်။

“ အသင်းက ယူ-၂၀ ကစားသမားတွေက ကောင်းပါတယ်။ ငယ်လည်းငယ်တဲ့အတွက် အတက်အဆင်း ကစားနိုင်ပါတယ်။ ဒါပေမယ့် အသင်းမှာ အံဝင်ဖို့ကိုတော့ အချိန်ယူရပါဦးမယ်။ သန်းပိုင်၊ အောင်သူ စတဲ့ ကစားသမားလေးတွေက ကောင်းပေမယ့် အသင်းနဲ့ အတွဲအဖက်မိဖို့ လိုနေပါသေးတယ်။ ကျွန်တော့်အတွက် ကစားသမားကောင်းတွေ စိတ်ကြိုက်ရပြီ ဆိုပေမယ့် ဒီအသင်းကို စုဖွဲ့ကိုင်တွယ်ရတာ တစ်လ ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒီအသင်းကို အသင်းကောင်းဖြစ်ဖို့ အကောင်းဆုံး ကြိုးစားတည်ဆောက်သွားမှာပါ ” ဟု အေဗရာမိုဗစ်က နယူးဇီလန်အသင်းနှင့် ၁-၁ သရေကျခဲ့သည့် ခြေစမ်းပွဲအပြီးတွင် ပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် သြဂုတ်လမှ စတင်ကာ အသင်းကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး စီနီယာကစားသမားများအဖြစ် ရန်အောင်ကျော်၊ ကျော်ကိုကို၊ ကြည်လင်း၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း စသည့် ကစားသမားများသာ ပြန်လည် ပါဝင်ခဲ့ပြီး ယူ-၂၃ နှင့် ယူ-၂၀ မှ ကစားသမား ၁၅ ဦးထိ ပါဝင်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly