NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တေးသံရှင် ကိုလတ်ရဲ့ "သင်းကွဲငှက်နဲ့တစ်ခါက" အမည်ရှိ တေးစီးရီး မိတ်ဆက်

.

ရန်ကုန်   စက်တင်ဘာ   ၂၉ ။            ။ မြန်မာသံစဉ်တေးသီချင်းတွေကို သီဆိုနေတဲ့ တေးသံရှင်ကိုလတ်ရဲ့ "သင်းကွဲငှက်နဲ့တစ်ခါက" လို့ အမည်ပေးထားတဲ့ VCD Live Show တေးအယ်လ်ဘမ်ကို မိတ်ဆက်လိုက်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ တေးစီးရီးမိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ "သင်းကွဲငှက်နဲ့ တစ်ခါက" ဆိုတဲ့တေးသီချင်းကို   တေးရေးမင်းဂျွန်စိုးက ရေးပေးထား တာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ သင်းကွဲငှက်များနားခိုရာသီချင်းရဲ့အဆက်ဖြစ်တယ်လို့ သိရပါတယ်။

" နယ်ပွဲတွေလိုက်ဆိုတဲ့အခါမှာ ကျွန်တော့်ရဲ့ဒုတိယခွေမှာပါတဲ့ သင်းကွဲငှက်များနားခိုရာသီချင်းကို ပွဲတိုင်းမှာ ဆိုပါတယ်။ ပရိတ်သတ်အားပေးမှုလည်း ပွဲတိုင်းမှာ အစ်ကိုရရှိခဲ့ပါတယ်။ ဒါနဲ့ ဆရာမင်းဂျွန်စိုး ကလည်း အစ်ကိုနဲ့ လိုက်ဖက်မယ်ဆိုပြီးတော့ ကျွန်တော့်အတွက်ရေးပေးတာပါ။" လို့ တေးသံရှင် ကိုလတ်က ပြောပါတယ်။

ဒီတေးစီးရီးဟာ တေးသံရှင်ကိုလတ်ရဲ့ ၅ ခွေမြောက်တေးစီးရီးဖြစ်ပြီး၊ တေးစီးရီးထဲမှာ တေးသံရှင် ဗညားဟန်၊ ပိုင်သက်ကျော်၊ စိမ့်နေခြည်နဲ့ မင်းဂျွန်စိုးတို့ကလည်း အားဖြည့်သီဆိုပေးထားကြပါတယ်။ မြန်မာသံစဉ် တေး သီချင်း ၁၀ ပုဒ်ပါဝင်ပြီး တေးရေးတွေအဖြစ် မင်းဂျွန်စိုး၊ ဇေယျာနိုင်၊ ဟင်္သာတ လင်းခက်၊ ဟက်ဘီသန်း (ဟင်္သာတ)၊ ကိုမောင်မောင်(ဟင်္သာတ)နဲ့ ကိုလတ်တို့က ရေးသားထားတယ်လို့ လည်းသိရပါတယ်။

" ဒီတေးစီးရီး အစအဆုံးကို ကျွန်တော်စီစဉ်ပေးတာပါ။ သူ့ရဲ့သီချင်းဆိုဟန်၊ ဆိုပေါက်အားလုံးက သူ ဒီလောက မှာ ၀င်နေတာကြာပေမယ့် ဒီစီးရီးမှာ သိသိသာသာ သီချင်းတွေနဲ့ သူ့အသံက လိုက်ဖက်တာကြောင့် ပရိတ် သတ်တွေက သူ့ကိုနာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်နိုင်သလို မဖြစ်ခဲ့ရင်တောင်မှ ပရိတ်သတ်က သူ့ကို လုံးဝလက်ခံမယ့်သီချင်းတွေဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။" လို့ တေးရေးမင်းဂျွန်စိုးက ပြောပါတယ်။

တေးသံရှင်ကိုလတ်က "သင်းကွဲငှက်နဲ့တစ်ခါက" လို့ နာမည်ပေးထားတဲ့ VCD Live Show တေး အယ်လ် ဘမ်ကို ဒါရိုက်တာညီညီ(လ၀န်းသစ်)က ရိုက်ကူးထားပြီး မန်းသီရိဖြန့်ချိရေးကနေ စက်တင်ဘာ ၂၉ ရက်နေ့က စတင်ပြီး ဖြန့်ချိသွားမယ်လို့ သိရပါတယ်။