ဇာဂနာ ဦးစီးသည့် သီးလေးသီးအဖွဲ့ စင်္ကာပူမှာ ငြိမ်းချမ်းရေး ပြဇာတ်ကမယ်

ဇာဂနာ ဦးစီးသည့် သီးလေးသီးအဖွဲ့ စင်္ကာပူမှာ ငြိမ်းချမ်းရေး ပြဇာတ်ကမယ်
ဓာတ်ပုံ - ပန်းမြတ်ဇော်

Altitude Entertainment Group မှ စီစဉ်ပြီး ဇာဂနာ ဦးစီး ကျင်းပ ပြုလုပ်မည့် PEACE Opera Show ကို အောက်တိုဘာ ၄ ရက်တွင် စင်ကာပူ နိုင်ငံရှိ Kreta Ayer People's Theatre ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

ဖျော်ဖြေပွဲတွင် သရုပ်ဆောင် မင်းမော်ကွန်း ၊ ထွန်းထွန်း ၊ အိချောပို ၊ မေမြင့်မိုရ် ၊ ညောင်ညောင်၊ ဂေါ်ဇီလာ၊ ပန်းသီး၊ စိန်သီး၊ ဇီးသီး၊ ကြယ်သီး (သီးလေးသီး)၊ နန်းခင်ဇေယျာ(Miss Myanmar Internatioanl) ၊ ဝိုင်းလေး (Miss Myanmar World) ၊ မေမြတ်နိုး(Miss Asia Pacific World) ၊ ဟယ်လင်မျိုးကို (Miss Myanmar Face Of Beauty International) တို့ ပါဝင် ကြမည် ဖြစ်သည်။

"ငြိမ်းချမ်းရေးလိုတယ် ဆိုတဲ့ သီချင်းကို တေးသရုပ်ဖော်မယ်။ ပြဇာတ်ကိုလည်း ငြိမ်းချမ်းရေး လိုတယ် လို့ပဲ နာမည် ပေးထားတယ်။ ပြဇာတ်ကလည်း ငြိမ်းချမ်းရေး နဲ့ပတ်သက်တာပဲ စီစဉ် ထားတယ်။ အခု အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ့် ကိစ္စကို အဓိက အားဖြင့် ပြောတယ်။ လက်နက်ရှိတဲ့ လူအချင်းချင်း ဖြစ်ကြတာ ကျွန်တော်တို့ ဘာမှ မပြောချင်ဘူး။ လက်နက်မရှိတဲ့သူတွေ ခံရတာက အခုက နေစရာအိမ်တွေ မရှိကြတာ အဲဒီ လူတွေ ဘက်က ကျွန်တော်တို့ ပြောတာ အဲဒီဘက်က အမြင်နဲ့ပဲ ပြဇာတ် ကို ကမှာ အငြိမ့် ကိုလည်း အဲဒီ အတိုင်း တင်ဆက်မှာ" ဟု ဇာဂနာက  ပြောသည်။

အနုပညာရှင် များမှ တေးသီချင်း သီဆိုမှုများ၊ ဖက်ရှင်အကအလှများ၊ ဟာသပြဇာတ်ရသများ ၊ အငြိမ့် တင်ဆက်မှုများ ဖြင့် ဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။

ပွဲမစမှီနှင့် ပွဲချိန် အတွင်း ၊ ပွဲချိန် ပြီးချိန်များတွင် ပရဟိတ အနေဖြင့် မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများကို ကူညီ ထောက်ပံ့ခြင်း နှင့် ပြန်လည် ထူထောင် ရေး လုပ်ငန်း များတွင် ပူးပေါင်း ပါဝင်နိုင်ရန် ရန်ပုံငွေ ကောက်ခံခြင်း အစီအစဉ် ကိုလည်း ထည့်သွင်း ထား သည်။

PEACE Opera Show လက်မှတ်များကို VIP လက်မှတ်ကို ဒေါ်လာ ၁၀၀ ၊ Gold ကို ဒေါ်လာ ၆၀ ၊ Silver ကို ဒေါ်လာ ၅၀ ၊ ECO ကို ဒေါ်လာ ၃၀ ဖြင့် သတ်မှတ်ထားပြီး ဖျော်ဖြေပွဲမှ ရရှိသည့် ငွေကြေးများကို ရခိုင် ပြည် နယ် ရှိ ရေဘေးသင့် ပြန်လည် ထူထောင်ရေး အတွက် ဆိုလာမီး နှင့် ရေစုပ်စက် များကို လှူဒါန်း သွားရန် စီစဉ် ထားသည်။

စင်ကာပူ နိုင်ငံတွင် PEACE Opera Show ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ရန်ကုန် မြို့ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ Vintage Luxury Yacht Hotel တွင် ကျင်းပ ပြုလုပ် ခဲ့သည်။ ထို ဖျော်ဖြေပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ စင်္ကာပူ နိုင်ငံရှိ မြန်မာပြည်သူများမှ ရေဘေးသင့် ပြည်သူ များ အတွက် ပြန်လည် ထူထောင်ရေးများတွင် ပူးပေါင်း ပါဝင်နိုင်ရန် ကျင်းပ ပြုလုပ်သည့် ပွဲ တစ်ခုလည်း ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly