NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ကယန်းအမျိုးသမီးငယ်နှင့် ထိုင်းနိုင်ငံသူတို့ ဘန်ကောက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်

.

စက်တင်ဘာ ၂၆ ။           ။ အသက် ၂၃ နှစ်ရှိ ကယန်းအမျိုးသမီးငယ် Bozhena Antoniyar သည် ယခုလာမည့် အောက်တိုဘာ ၆ ရက်နေ့တွင် ကျင်းပမည့် ONE: KINGDOM OF HEROES ပွဲကြီးတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Impact Arena မှ ထိုင်းနိုင်ငံသူ သိုင်းပေါင်းစုံ ကိုယ်ခံပညာကစားသမား Rika “Tinydoll” Ishige နှင့် ရင်ဆိုင်ထိုးသတ်သွားမည် ဖြစ်သည်။
 
“ကျွန်မရဲ့ ပရိသတ်တွေလိုချင်တာတွေပဲ တတ်နိုင်သလောက်ပေးချင်ပါတယ်။ ပရိသတ်တွေက လှပကောင်းမွန် တဲ့ ပွဲသိမ်းကွက်တွေနဲ့ အကျိတ်အနယ်ထိုးသတ်ပွဲတွေကို ကြည့်ဖို့ လာရောက်ကြတာဖြစ်ပါတယ်။ ဒီပွဲကြီးမှာ ကျွန်မအနေနဲ့လည်း အကျိတ်အနယ် ရင်ဆိုင်ယှဉ်ပြိုင်သွားချင်တာကို သိစေချင်ပါတယ်။ အကောင်းဆုံးပွဲသိမ်းအနိုင်ယူဖို့ ကျွန်မ ကြိုးစားသွားမှာပါ။” ဟု သူက ပြောသည်။
 
ထိုင်းနိုင်ငံမှ Ishige သည် အတွေ့အကြုံများသည့် သိုင်းပေါင်းစုံကိုယ်ခံပညာကစားသမားလည်း ဖြစ်သည်။

“Ishige က သိုင်းပေါင်းစုံကိုယ်ခံပညာလောကမှာ အတွေ့အကြုံကောင်းရှိထားတဲ့ ကစားသမားကောင်း တစ်ယောက် ဆိုတာကို ကျွန်မ သိထားပါတယ်။ ပြီးတော့ သူက ကျွန်မထက်လည်း အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အောင်မြင်ရဖို့အတွက် အရေးကြီးဆုံး သော့ချက်တစ်ခုက ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှုရှိခြင်းပါပဲ။ ပြိုင်ပွဲတစ်လျှောက်လုံး ကျွန်မက ကိုယ်ကိုယ့်ကိုယ် ယုံကြည်မှု အမြဲထားခဲ့ပြီး အရာရာကို အကောင်းမြင်တတ်အောင် ကြိုးစားပါတယ်။” ဟု သူက ဆိုသည်။
 
National Boxing Champion တွင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သူ Bozhena Antoniyar သည် ပြီးခဲ့သော ဖေဖော်ဝါရီလက ကျင်းပခဲ့သော ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် တစ်နိုင်ငံတည်းသား ရွှေစင်ကို ၁၄ စက္ကန့်အတွင်း ယှဉ်ပြိုင်အနိုင်ယူခဲ့သည်။

Bozhena Antoniyar အနေဖြင့် အောင်မြင်မှုရရှိမည်ဟု မျှော်လင့်ထားကြောင်း ဆိုသည်။

 “ကျွန်မရဲ့ နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ကျွန်မ ဂုဏ်ယူမိပါတယ်။ အောက်တိုဘာ ၆ ရက်နေ့မှာ ပြိုင်ဘက်ရဲ့ နယ်ထဲကို ကျွန်မ ဝင်ရောက်ရမှာဖြစ်ပေမယ့် ကျွန်မအနေနဲ့ အောင်မြင်မှုရယူနိုင်ပြီး အိမ်အပြန်ခရီးမှာ ကျွန်မရဲ့ နိုင်ငံသားတွေနဲ့အတူတူ အောင်ပွဲခံသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကြီးအတွက်ပါ။” ဟု သူက နိဂုံးချုပ်ပြောကြားသည်။
 
ONE Championship ဝိတ်တန်းနှစ်ခုလုံး၏ ချန်ပီယံဖြစ်သော အောင်လအန်ဆန်နှင့် ဖိုးသော်တို့ကို လေးစားအားကျကြောင်း ကယန်းသူအမျိုးသမီးငယ်က ပြောခဲ့သေးသည်။