NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အိန္ဒိယမှာ အဆောက်အအုံ ပြိုကျ၍ လူငါးဦး သေဆုံး

.

နယူးဒေလီ၊ စက်တင်ဘာ ၂၆ ။            ။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အဆောက်အအုံတစ်လုံး ပြိုကျရာမှာ လူငါးဦး သေဆုံးပြီး ပြိုကျအပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေကြောင်း သိရပါတယ်။

နယူးဒေလီမြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ ဒီအဆောက်အအုံပြိုကျမှုမှာ ကယ်ဆယ်ရေးသမားတွေဟာ အနံခံခွေးတွေနဲ့အတူ ပိတ်မိနေသူတွေကို ကယ်တင်ဆွဲထုတ်နေခဲ့ရာမှာ တစ်ဒါဇင်အနည်းဆုံး ကယ်ဆယ်ထားနိုင်ပါတယ်။

“ကျွန်တော်တို့ ငါးဦး သေဆုံးတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ဒီအပျက်အစီး အပြိုအပျက်တွေကို ကယ်ဆယ်ရေးသမားတွေ ရှင်းလင်းနေဆဲ ဖြစ်ပါတယ်။”လို့ ဌာနေရဲအရာရှိ ဆာရတ်ချန်ဒရာက အေအက်ဖ်ပီကို ပြောပါတယ်။

အပျက်အစီးတွေကြားကနေ ကလေးငယ်နှစ်ဦး ရုပ်အလောင်းကို ဆွဲထုတ်တာကို အေအက်ဖ်ပီသတင်းထောက်က တွေ့မြင်ခဲ့ရပါတယ်။

ပြိုကျမှုဖြစ်တဲ့ အဆောက်အအုံဟာ တိုက်တန်းလျားတွေကြား ကျဉ်းကျဉ်းကျပ်ကျပ်နေရာမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံလည်း ဖြစ်ပါတယ်။

ဒီတိုက်အဆောက်အအုံရဲ့ သက်တမ်းဟာ နှစ်နှစ်ဆယ်လောက် ရှိပြီး ခနော်နီခနော်နဲ့ အဆောက်အအုံလည်း ဖြစ်တယ်လို့ အမည်မဖော်တဲ့ ဒေသခံတစ်ဦးက Press Trust of India သတင်းဌာနကို ပြောပါတယ်။

လေးလွှာရှိတဲ့ ဒီအဆောက်အအုံဟာ တရားမ၀င် တည်ဆောက်ထားခဲ့တာဖြစ်တယ်လို့လည်း အခြားဌာနေသတင်းတစ်ရပ်က ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမှာ အဆောက်အအုံတိုက်တာတွေ ပြိုကျလို့ သေဆုံးမှုတွေ အဖြစ်များပြီး ဇူလိုင်လအတွင်းကလည်း ဒေလီမြို့ပြင်က ခြောက်ထပ်တိုက်တစ်လုံး ပြိုကျရာမှာ လူကိုးဦး သေဆုံးခဲ့ရပါတယ်။