NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

တာမွေဈေးရှေ့အုပ်စုဖွဲ့ ဓားခုတ်မှုမှ ကျူးလွန်သူ ၆ ဦးအား ထပ်တိုးဖမ်းဆီး၊ ၁၄ ဦးအထိ ရှိလာ

.

ဓာတ်ပုံ - သူရ

ရန်ကုန်၊ စက်တင်ဘာလ ၂၆ ။         ။ ကလေးချင်း စကားများရာမှတဆင့် ဖြစ်ပွားခဲ့သော ဟုဆိုသော တာမွေဈေးရှေ့ အုပ်စုဖွဲ့ ဓားခုတ်မှုတွင် အဓိကကျူးလွန် သူဟုဆိုသော ဖမ်းဆီးထားသူ ဝင်းထွဋ်ဝင်းဆိုသူ အပါအဝင် ၈ ဦးအပြင် နောက်ထပ် ၆ ဦးအား ထပ်တိုးဖမ်းဆီးထားကြောင်း တာမွေမြို့နယ်တရားရုံးမှ သိရသည်။

ရဲတပ်ဖွဲ့၏ စက်တင်ဘာလ ၁၂ ရက်၊ သတင်းထုတ်ပြန်ထားချက်အရ အမှုနှင့်ပတ်သက်ပြီး ဝင်းထွဋ်ဝင်း၊ သံဗုဒ္ဓေ(ခ) ဝင်းနိုင်၊ ဖြူတုတ်(ခ) သိန်းထွေး၊ သီဟအောင်၊ ယဉ်မိုး(ခ) မိုးကြီး၊ ဝင်းမြင့်၊ သိန်းထိုက်အောင် (ခ) အန်းကုန်း၊ မင်းအောင်ဆိုသူတို့ ၈ ဦးကို ဖမ်းဆီးထားကြောင်း ထုတ်ပြန်ခဲ့ပြီး ပထမအကြိမ် ချုပ်ရမန်ယူခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ ရုံးထုတ်ရာတွင်လည်း ဒဏ်ရာရရှိသူ နှစ်ဦးမှလွဲ၍ ၆ ဦးအား ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့၊ ဒုတိယအကြိမ် ချုပ်ရမန်ယူရာတွင် ဝင်းထွဋ်ဝင်းနှင့် ဖမ်းဆီးထား သူ ၈ ဦး အပါအဝင် စုစုပေါင်း ကျူလွန်သူ ၁၄ ဦးအားရုံးထုတ်ခဲ့ကာ ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့နယ်တရားသူကြီး ပြောပြချက်အရ သိရသည်။

ယင်းအမှုတွင် ကျူးလွန်သူများအဖြစ် ထပ်တိုးလာသည့် သူများမှာ သက်မောင်မောင်(ခ) သက်နိုင်(ခ) ကျန် ကျောင်း၊ လင်းကိုကို(ခ) လင်းကို၊ မျိုးသူ၊ အောင်မင်းထွန်း(ခ) မာမက်အလီ(ခ) အားကလီး၊ ဇင်ယော်(ခ) ဇင်မင်းဦး၊ ထိန်လင်း(ခ) ကုလား(ခ) ဆိုလီယန်ဆိုသူတို့ ၆ ဦးဖြစ်သည်။

“ ဒီနေ့က ချုပ်မိန့်တောင်းခံခြင်းဖြစ်ပါတယ်။ နောက်တစ်ချိန်းကို ၂ဝ၁၈ ခုနှစ်၊  ၁ဝ လပိုင်း၊ ၁ဝ ရက်နေ့အထိ ချုပ်မိန့်ပေးထားပါတယ် ”ဟု တာမွေမြို့နယ်တရားသူကြီးက မီဒီယာများကို ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်၊ ညနေ ၅ နာရီခန့် ကျိုက္ကဆံလမ်းမပေါ်ရှိ ကလေးကစားသည့် ဂိမ်းဆိုင်၏ ရှေ့တွင် ဂိမ်းဆော့ရင်း ကလေးတစ်ဦးအား အနီးရှိ ကလေးတစ်ဦးက ကလေးကစားသည့် သေနတ်ဖြင့် ဦးခေါင်းအား ထုနေသည့်အတွက် မထုရန် ပြောဆိုရာမှ မိဘချင်းစကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဝင်းထွဋ်ဝင်း ဆိုသူက ည ၁ဝ နာရီကျော်တွင် အခင်းဖြစ်စဉ်မှ  သေဆုံးခဲ့သူအမျိုးသားကို ဖုန်းဆက်ဆဲဆိုခဲ့သည့်အပြင် မင်းတို့ကို လာခုတ်မယ်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ပြီး သေဆုံးသူ အမျိုးသား၏ မိသားစု တိုက်အောက်ဆင်းလာချိန်တွင် လူတစ်စုမှ ကား ၃ စီးဖြင့် ရောက်လာပြီး ဓား၊ လှံများဖြင့် ဝင်ခုတ်ခဲ့ကြ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ ဓား၊ လှံများဖြင့်အုပ်စုဖွဲ့ခုတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာများရရှိခဲ့ကာ ရဲတပ်ဖွဲ့မှ ကျူးလွန်ခဲ့သူများကို ညတွင်းချင်းဖမ်းဆီးနိုင်ခဲ့သည်။

 ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော ဓားရှည် ၁၁ ချောင်း၊ ဓားတို ၂ ချောင်း၊ လှံ ၂ ချောင်း၊ ပေါက်စိန်တစ်လက်၊ သံလက် သီး ၁ ကွင်းတို့ကိုလည်း သက်သေခံအဖြစ်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဝင်းထွဋ်ဝင်းဆိုသူ အပါအဝင် ၁၂ ဦးကို တာမွေမြို့မရဲစခန်းတွင် (ပ)၈၈၃/ ၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ- ၃ဝ၂/ ၃၂၆/ ၁၁၄ စသည့်ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့မှ ချုပ်ရမန်ယူ စစ်ဆေးနေခြင်းလည်းဖြစ်သည်။