NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

လှိုင်သာယာပစ်ခတ်မှုဖြစ်စဉ်မှ ပါဝင်ခဲ့သူများအားလုံးကိုဖမ်းမိ

.

ရန်ကုန် ၊ စက်တင်ဘာ ၂၆ ။          ။ လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာတွင် ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက လူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်ခဲ့သူများအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ မဇ္ဈိမသို့ အတည်ပြု ပြောဆိုသည်။

 “စောစောကမြို့နယ်မှူးကို ဖုန်းဆက်တော့ မိပါပြီလို့ပြောတယ်။ ငါးယောက်လို့ပြောတယ်။ သေနတ်နဲ့ အပစ်ခံရတဲ့ တစ်ယောက်ကတော့ သေသွားတယ်။ တစ်ယောက်ကိုတော့သူတို့နဲ့ခေါ်သွားတာ၊ ခေါ်သွားတဲ့ တစ်ယောက်ကိုတော့ ဆေးရုံမှာပို့ထားတယ်လို့ ကြားတယ်”ဟု ဦးမြတ်မင်းသူကဆိုသည်။

 သေနတ်ဖြင့်ပစ်ခံရသူသည် ခင်မောင်လွင်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံး သွားပြီဖြစ်ကြောင်း သိရသည်။

 လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေအတွင်းရှိ အပြင်ပဒံကျေးရွာ ဆန်စက်လမ်းအတွင်း နေအိမ်တစ်ခု ရှေ့သို့  စက်တင်ဘာလ ၂၆ရက် နေ့လယ်တွင် ကားတစ်စီးဖြင့် လူအချို့ ရောက်ရှိလာပြီး အိမ်ထဲသို့ ၀င်ကာ ခင်မောင်လွင်(ခ)၀ါးကြီး ဆိုသူအား သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းသို့ပစ်ခတ်ပြီးနောက် ကားဖြင့် ပြန်လည် ထွက်ခွာစဉ် ရဲတပ်ဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးရာ ရန်ကုန် - တွံတေး ကားလမ်းမပေါ်တွင် အမျိုးသားတစ်ဦးအား ဖမ်းမိခဲ့ပြီး ကျန်သူများသည် ရေထဲသို့ ခုန်ချထွက်ပြေး သွားခဲ့ခြင်း ဖြစ်သည်။

 ထို့နောက် ကျန်ရှိသူများကို ဖမ်းဆီးရမိရန် ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 “ဖမ်းမိသူတွေကို စစ်ဆေးနေပါတယ်။ ထုတ်ပြန်ပေးပါမယ်” ဟု လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကဆိုသည်။

 အဆိုပါဖြစ်စဉ်သည် အကြွေးကျပ်သိန်း ၃၅၀ မပေးနိုင်သောကြောင့် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အသေးစိတ်အခြေအနေများကို ရဲတပ်ဖွဲ့မှ ထုတ်ပြန်မှု မရှိသေးပေ။