NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

ပယင်းနှင့် ရွှေသတ္တု လက်လုပ်လက်စားတူးဖော်ခွင့်များ အမြန်ဆုံး ခွင့်ပြုပေးရန် သမ္မတထံ တင်ပြ

.

ဓာတ်ပုံ -AFP

နေပြည်တော်(စက်တင်ဘာ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် ရွှေမှော်နှင့် ပယင်းမှော်များကို လက်လုပ်လက်စား တူးဖော်ထုတ်လုပ်ခွင့်များ အမြန်ဆုံး ခွင့်ပြုပေးပါရန် ကချင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်အမတ်နှစ်ဦးက သမ္မတထံသို့ မေတ္တာရပ်ခံ တင်ပြလိုက်ကြောင်း သိရသည်။

နိုင်ငံတော်၏ သယံဇာတနစ်နာမှု မဖြစ်စေရေး၊ နိုင်ငံသားများ စားဝတ်နေရေး ပြေလည်စေရေး၊ အလုပ်လက်မဲ့ လျော့ပါးစေရေးနှင့် နိုင်ငံတော်မှ အခွန်ဘဏ္ဍာရရှိစေရေးတို့ကို ရှေးရှု၍ ပယင်းနှင့် ရွှေသတ္တု အသေးစားနှင့် အလတ်စား တူးဖော်ထုတ်လုပ်ခွင့်ကို အမြန်ဆုံး ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ ကူညီဆောင်ရွက် ပေးပါရန် ဖားကန့်မြို့နယ်အမတ် ဦးတင့်စိုးနှင့် တနိုင်းမြို့နယ်အမတ် ဦးလင်းလင်းဦးတို့က စက်တင်ဘာလ ၁၇ရက်နေ့တွင် သမ္မတထံသို့ တင်ပြထားခြင်း ဖြစ်သည်။

တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှု များကို နောင်အခါ မဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးရန် ဦးလင်းလင်းဦးက ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းက ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကိုလည်း လွှတ်တော်က အတည်ပြု ထားသည်။

 “ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ ကျောက်မျက်ရတနာ အသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများ အနေနဲ့ ပယင်းတူးဖော်ခွင့်၊ ရွှေသတ္တုအသေးစားနဲ့ လက်လုပ်လက်စား တူးဖော် ထုတ်လုပ်ခွင့်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် တရားမဝင် ရွှေနှင့် ပယင်းတူးဖော်မှုများ နောင်တွင် ဖြစ်ပွားခြင်းမရှိစေဖို့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း” ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် လာရောက်ရှင်းလင်းသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ပြောကြားထားသည်။

ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့သော်လည်း လက်တွေ့တွင် တစ်နှစ်ကျော်ကြာချိန်အထိ တရားဝင် တူးဖော်ထုတ်လုပ်ခွင့်ပြုခြင်း မရှိသေးကြောင်း ဖားကန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင့်စိုးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

“ဘာမှ အကောင်အထည်မဖော်ဘဲနဲ့ ဒီအတိုင်းကြီး ရေစုန်မျှောနေတာမို့လို့ သမ္မတကြီးအထိ ကျွန်တော်တို့က ဒီကိစ္စကို ပြန်တင်တာ” ဟု ဦးတင့်စိုးက ပြောသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့် ပယင်းထွက်ရှိရာ ဒေသများဖြစ်သော၊ နန်ဖြူ၊ ဇီးဖြူကုန်း၊ တုံမဏီတို့မှာ ယခင်က KIO ထိန်းချုပ်ထားသော်လည်း အခုအခါတွင် တပ်မတော်မှ ထိန်းချုပ်ထားပြီဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ ဒေသများတွင် ရွှေနှင့် ပယင်းတို့ကို လူပုဂ္ဂိုလ်တချို့မှ တရားမဝင် တူးဖော်နေကြောင်း လွှတ်တော် အမတ်နှစ်ဦး၏ သမ္မတထံ တင်ပြစာတွင် ပါရှိသည်။

ဖားကန်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုမှ တနိုင်တပိုင် ရွှေတူးဖော်သူ ဒေသခံ ဦးကရိုင်နော်က တရားဝင် ခွင့်ပြုပေးစေချင်ကြောင်း၊ အခွန်ဆောင်စရာ ရှိပါက ဆောင်မည်ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း အဆိုပါ နေရာများကို တပ်မတော်က ထိန်းချုပ်ထားကြောင်း ပြောကြားသည်။

“အခုကတော့ တူးလိုက်၊ ရပ်လိုက်နဲ့ ပွင့်ပွင့်လင်းလင်း မလုပ်ရဘူး။ အခြေအနေမကောင်းဘူး၊ နားပေးပါဦး ဆိုပြီးတော့ အဓိက စစ်တပ်က လာတားတယ်” ဟု ဦးကရိုင်နော်က ပြောသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးရဲမြင့်ဆွေကမူ အသေးစားနှင့် လက်လုပ်လက်စား သတ္တုတူးဖော်ခွင့်နှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက တိုက်ရိုက် စီမံခန့်ခွဲခြင်း မရှိဘဲ ပြည်နယ်အစိုးရများကိုသာ စီမံခန့်ခွဲခွင့် ပေးထားသည်ဟု ဆိုသည်။