ဗီတာမင်ဓာတ် ပေါကြွယ်ဝတဲ့ တောင်အာဖရိကရဲ့ Baobab သစ်သီး

.

စက်တင်ဘာ ၂၆ ။           ။ တောင်အာဖရိကနိုင်ငံ၊ Limpopo ပြည်နယ်မြောက်ပိုင်း၊ Muswodi Dipeni ရွာမှာ နေထိုင်ကြတဲ့ ဒေသခံအမျိုးသမီး ၁၀၀၀ ခန့်ဟာ Baobab ခေါ် ဇောက်ထိုးအပင်ကို စိုက်ပျိုးပြီး ၀င်ငွေရှာဖွေကြတယ်လို့ သိရပါတယ်။

Baobab အပင်ဟာ ဗီတာမင်ဓာတ်များစွာ ပါဝင်တဲ့ ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်ပြီး Baobab သစ်သီးထဲက အစေ့တွေ၊ အမှုန့်တွေကို ဆိုဒါ၊ ရေခဲမုန့်၊ ချောကလက်၊ ဂျင်းနဲ့ အလှကုန်ပစ္စည်းတွေထဲမှာ ထည့်သုံးနေကြပြီဖြစ်ပါတယ်။

“အရင်တုန်းက ဒီ Baobab အသီးက ဆေးဘက်ဝင်မှန်းမသိခဲ့ဘူး။ အသီးကို ဒီတိုင်းပဲ စားနေကြတာ။ ကျွန်မမြေးလေးတွေ ဗိုက်နာရင် သူတို့ကို ဒီအသီးကျွေးဖြစ်တယ်။”လို့ ဒေသခံအမျိုးသမီး Annah Muvhali ကပြောပါတယ်။

 Baobab သစ်သီး ဆေးဘက်ဝင်တဲ့အကြောင်းကို သိပြီးပြီးချင်း ၂၀၀၆ ခုနှစ်မှာ စတင်စိုက်ပျိုးရောင်းချလာခဲ့တဲ့ Annah Muvhali ဟာ ယခုချိန်မှာတော့ သူမရဲ့ သားသမီးနှစ်ယောက်နဲ့ မြေးတွေအတွက် အိမ်ဆောက်ပေးနိုင်ပြီဖြစ်ပါတယ်။

“တစ် စင်တီမီတာဆို ၂၁ ဒေါ်လာရတယ်။”လို့  Annah ကပြောပါတယ်။

အပင်ရဲ့ အရှည်အလိုက် ဒေသခံတွေက ပိုက်ဆံရတာဖြစ်ပါတယ်။

သုံးမီတာအထိ ရှည်လာတဲ့ Baobab အပင်ကတော့ နှစ်ပေါင်း ၁၀၀၀ အထိ ရှင်သန်သွားမှာဖြစ်ပါတယ်။

Baobab အသီးသီးဖို့ နှစ်ပေါင်း ၂၀၀ အထိ အချိန်ယူရမှာဖြစ်ပေမယ့် အပင်ကို နေ့တိုင်းရေလောင်းပေးရင် နှစ် ၃၀ အတွင်းမှာပဲ အသီးသီးတယ်လို့ သိရပါတယ်။

ဒီနောက်မှာတော့ Baobab အပင်ဟာ နှစ်ပေါင်း ၂၀၀ တိုင်တိုင် အသီးတွေ နှစ်စဉ်နှစ်တိုင်း သီးသွားမှာ ဖြစ်ပါတယ်။

Baobab အပင်ရဲ့ အကိုင်းတွေဟာ သစ်ပင်အမြစ်နဲ့တူတဲ့အတွက် အာဖရိကန်လူမျိုးတွေက ၎င်းကို ဇောက်ထိုးအပင်လို့ ခေါ်ဝေါ်ကြပါတယ်။

"Baobab အသီးဟာ သဘာဝဗီတာမင်တွေ ပေါကြွယ်ဝတဲ့ သစ်သီးဖြစ်သလို ပရိုတင်း၊ အမျှင်ဓာတ်တွေပါဝင်ပြီး ရောဂါဘယ ပျောက်ကင်းစေတဲ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ဓာတ်စာတစ်ခုပါပဲ။"လို့ အာဟာရဗေဒပညာရှင် Jean Francois Sobiecki ကပြောပါတယ်။

ယခုအချိန်မှာတော့ Baobab အသီးကို ဥရောပတိုက်၊ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါမြို့ကြီးတွေကအစ ၀ယ်ယူစားသုံးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။