NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အရောင် ၅ ရောင်နဲ့ သရုပ်လွန်ပန်းချီတွေပြသခဲ့တဲ့ Happy Diseases ပန်းချီပြပွဲ

.

ရန်ကုန်   စက်တင်ဘာ   ၂၆ ။          ။ မြင်တွေ့နေကျပုံသဏ္ဍန်တွေထဲက ခွဲထွက်ပြီး အရောင် ၅ ရောင်ကိုသာ အဓိကထားအသုံးပြုရေးဆွဲထားတဲ့ Happy Diseases လို့နာမည်ပေးထားတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်က 43 Art Gallery မှာ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါပန်းချီပြပွဲမှာ ပန်းချီဆရာ ရဲမြင့်က လူရုပ်၊ သစ်ပင်ရုပ်တွေမပါဘဲ အဖြူ၊ အနီ၊ အနက်၊ အစိမ်း၊ အပြာ စတဲ့ အရောင် ၅ ရောင်ကို လေးထောင့် သဏ္ဍာန်အကွက်တွေ ဖော်ကျူးပြီး ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ပြသထားပါတယ်။

"ရောဂါဝေဒနာတို့ဘာတို့ဆိုတာ တကယ်စိတ်မချမ်းသာစရာ၊ ကြေကွဲစရာအချိန်မှာ သုံးတဲ့စကားလုံးပေါ့နော်။ ပျော်ရွှင်တဲ့အချိန်မှာ အဲဒီဆန့်ကျင်ဘက် ၂ခုကို စကားလုံး ၂ လုံးကိုပေါင်းလိုက်တာပေါ့နော်။ ဒါလေးတွေ ရေးရ တဲ့အချိန်မှာ ကျွန်တော်ကပျော်တယ်။ ကိုယ့်ဟာကိုယ် ဒီဇိုင်းလေးတွေ၊ အရောင်လေးတွေ ကွန်ပိုဇေးရှင်းလေး တွေ ကစားရတာကို ပျော်တဲ့အတွက် ဒါလည်းပျော်တဲ့ရောဂါပဲဆိုပြီး စိတ်ထဲ ခံစားရတဲ့အတွက် ဒီနာမည်ပေး ဖြစ်တာပါ။" လို့ ပန်းချီဆရာ ရဲမြင့်က ပြောပါတယ်။

ပန်းချီဆရာ ရဲမြင့်ဟာ သရုပ်မှန်ပန်းချီကားတွေထက် သရုပ်လွန်ပန်းချီတွေကိုသာ အရေးများသူဖြစ်ပြီး မကြာ သေးခင်ကလည်း အဖြူအမည်း ၂ ရောင်သာ အသုံးပြုရေးဆွဲထားတဲ့ ပန်းချီကားတွေကိုလည်း ပြသခဲ့ဖူးသူ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ဒီလိုသရုပ်လွန်ပန်းချီတွေကို လက်ခံအားပေးခဲ့တာ နှစ်ပေါင်းကြာမြင့်နေပြီဖြစ် ပေမယ့် မြန်မာနိုင်ငံမှာတော့ ဝေဖန်မှုအနည်းအများရှိနေသေးတယ်လို့ ပန်းချီဆရာ ရဲမြင့်က ဆိုပါတယ်။

" သစ်ပင်တွေ၊ ပုံတူတွေရေးမှ ပန်းချီလို့ထင်နေတဲ့လူတွေအတွက်တော့ နည်းနည်းလေးစဉ်းစားစရာဖြစ်သွားမှာ ပေါ့နော်။ အကောင်းဘက်က အဆိုးဘက်က စဉ်းစားပေါ့။ ကျွန်တော်ကတော့ လုပ်ကြည့်လိုက်တာပေါ့။ ဒီအပေါ်က ကံဆိုးကံကောင်းတုံ့ပြန်မှုကို ကျွန်တော်က ကြိုဆိုပါတယ်။" လို့ ပန်းချီဆရာ ရဲမြင့်က ပြောပါတယ်။

Happy Diseases ပန်းချီပြပွဲမှာ ပန်းချီကား ၁၅ ကားကို ပြသထားပြီး စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၃ ရက်နေ့အထိ ၃ ရက်ကြာ ပြသသွားမယ်လို့ သိရပါတယ်။