ရေဒီယိုရုပ်သံ မဲဆွယ်မှု လွှတ်တော်ရုပ်သံနှင့် ရွှေ FM တို့ကလည်း ယနေ့ည ရ နာရီ လွှင့်မည်

ရေဒီယိုရုပ်သံ မဲဆွယ်မှု လွှတ်တော်ရုပ်သံနှင့် ရွှေ FM တို့ကလည်း ယနေ့ည ရ နာရီ လွှင့်မည်

စက်တင်ဘာ ၈ ရက် ။           ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က သြဂုတ် ၂၇ တွင် နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင် သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့်နှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယနေ့ စက်တင်ဘာ ၈ ရက် ည ၇ နာရီတွင် မြိုတိုင်းရင်းသားဖွံ့ဖြိုးမှုပါတီ (မ.တ.ဖ.ပ)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီနှင့် လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့၏ ရွေးကောက်ပွဲ စည်းရုံး ဟောပြောချက်များကို မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ လွှတ်တော်ရုပ်သံလိုင်း၊ မြန်မာ့အသံရေဒီယိုနှင့် ရွှေ FM တို့မှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက် ထုတ် နိုင်ငံပိုင်သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့ အလင်း တို့တွင်လည်း ဖော်ပြသွားမည်။

အောက်တိုဘာ ၈ ရက်တွင် ရုပ်သံ/ ရေဒီယို ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်လွှင့်မည်ဖြစ်သည်။ နိုင်ငံပိုင်သတင်းစာများ တွင်မူ စက်တင်ဘာ ၉ ရက် တစ်ကြိမ်သာ ဖော်ပြပေးမည်ဖြစ်သည်။

ယနေ့ သြဂုတ် ၈ ရက်နေ့မှစတင်ပြီး နိုဝင်ဘာ ၆ ရက်နေ့အထိ ခွင့်ပြုပေးမည်ဖြစ်သည်။ သို့သော် ပါတီ၏ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် သတ်မှတ်ခွင့်ပြုရက် မတိုင်မီ အနည်းဆုံး ၇ ရက် ကြိုတင်၍ UEC ထံမှ ဟောပြောမည့် စာမူနှင့်တကွ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။

UEC က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြု/ ငြင်းပယ် ခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ ဟောပြောခွင့်ရပါက ရေဒီယိုနှင့် ရုပ်သံအတွက် ၁၅ မိနစ်စာ ပြောကြရမည်ဖြစ်သည်။ ပါတီ သီချင်းရှိပါက လည်း ယင်း ၁၅ မိနစ်အတွင်းသာ ထုတ်လွှင့်ရမည်ဖြစ်သည်။ အခြားတိုင်းရင်းသား ဘာသာဖြင့်လည်း ဟောပြောနိုင်သည်။

သို့သော် တားမြစ်ချက်၉ ချက်ကိုမူ ဟောပြောမည့်သူများအနေဖြင့် "ဖောက်ဖျက်ကျူးလွန်ခြင်း"မပြုရန် အထူးသတိထား ရမည့်အနေအထားဖြစ်သည်။ နိုင်ငံရေး ပါတီများသည် မိမိတို့၏ မူဝါဒ သဘောတရားနှင့် အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် မည်သို့ဆောင်ရွက်ဖော်ဆောင်မည်ကို "ဥပဒေများနှင့်အညီ" ဟောပြော မဲဆွယ်စည်းရုံးခွင့် ရကြရတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly