မန္တလေးရှိ ရာဇ၀တ်မှု ထူပြောသောနေရာများတွင် စီစီတီဗီများနှင့် ရဲကင်းစခန်းများ ဆောက်မည်

.

ဓာတ်ပုံ-EPA
 

စက်တင်ဘာ ၂၅ ။           ။ မန္တလေးတိုင်းဒေသကြီးရှိ  ရာဇ၀တ်မှု ထူပြောသောနေရာများတွင် စီစီတီဗီများနှင့် ရဲကင်းစခန်းများ ဆောက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဒေါက်တာဇော်မြင့်မောင်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

“ နယ်မြေတရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ရာဇ၀တ်မှုထူပြောတဲ့နေရာမှာ CCTV တွေ တပ်ပါမယ်။ Police Box ကင်းတဲလေးတွေ  အလုံး ၅၀ လောက် ဆောက်ပါမယ်။ တကယ်လို့ အရေးဟယ်၊ အကြောင်းဟယ် အကူညီတောင်းလို့ရှိရင် လွယ်လွယ်အကူအညီပေးနိုင်အောင် Police Box လေး တွေ ဆောက်ထားမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တတ်နိုင်သမျှ   ဆောင်ရွက်ပေးနေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ရာဇ၀န်မှုများ ဖြစ်ပွားနေမှုအပေါ် ၀န်ကြီးချုပ်က ရည်ညွှန်းပြီး လုံခြုံရေး အစီအမံများ လုပ်သွားမည့်အကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၃ ရက်နေ့က မန္တလေးမြို့လယ်ခေါင် နေ့ခင်းဘက် လူမြင်ကွင်းမှာ သေနတ်နှင့်ပစ်ပြီး လုယက်ခဲ့မှု  ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၂၀ ရက်ကလည်း မန္တလေးမြို့ရဲ့ မူးယစ်ကျော်စောနေရာဖြစ်သော ၂၂လမ်း၊ မြောက်ဘက်၊ ကမ်းနားလမ်းတစ်လျှောက်နှင့် စည်ပင်မှ တည်ဆောက် ထားတဲ့ တန်းဖိုးနည်းအိမ်ရာတိုက်ခန်းများတွင် မူးယစ်အထူးအဖွဲ့၊ မန္တလေးတိုင်းရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြသည်။

ဩဂုတ် ၂၉ ရက် ည ၁၀ နာရီအချိန်ခန့်က မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ မနော်ရမ္မံကလေး ကစားကွင်းရှေ့တွင် လူငယ်တစ်ဦးသည်ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေစဉ် အမည်မသိ လူငယ်တစ်ဦးက ဆိုင်ကယ်ပေါ်တက်ခွပြီး လည်ပင်းကို ဓားဖြင့် ထိုးကာ ဆိုင်ကယ်ကို လုယူမှု ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော ဒုစရိုက်မှုများ ပပျောက်ရန် လုပ်ဆောင်နေသည့် ဇွန်လ ၂၅ ရက်က စတင်ခဲ့သော သိန်းငှက်စစ်ဆင်ရေး ပြီးဆုံးသွားသော်လည်း ဒုစရိုက်မှုများကို ဆက်လက်နှိမ်နှင်းသွား မည် ဟု ဝန်ကြီးချုပ်က ပြောကြားသွားသည်။