NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

နှမ်းရောင်းရာတွင် ခဲများပါဝင်နေမှုကြောင့် တောင်သူတစ်ဦး သတိပေးခံရ

.

မင်းဘူး။စက်တင်ဘာ ၂၅ ။            ။ တောင်သူရောင်းချသည့်နှမ်းထဲတွင် ခဲများရောနှောပါနေမှုကြောင့် မကွေးကုန်စည်ဒိုင်မှ သတိပေးဝန်ခံကတိ ထိုးခိုင်းခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မကွေးမြို့နယ် ကုန်သည်ကြီးများအသင်းမှ သိရသည်။

စက်တင်ဘာလ (၂၃)ရက်နေ့တွင် မကွေးမြို့ရှိ ငြိမ်းချမ်းသာပွဲရုံတွင် မကွေးမြို့နယ် ဒဟတ်ကန် အုပ်စု ကန်လှ ကျေးရွာမှ တောင်သူ ဦးမောင်ငြိမ်းရောင်းချသည့် နှမ်းဖြူများထဲတွင် နှမ်းနှင့် အရွယ်တူသည့်ခဲများ ရောနှော ပါဝင်နေမှုကြောင့်  ကုန်စည်ဒိုင်မှ တာဝန်ရှိသူများနှင့်  မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိ သူများ၊ မကွေးတိုင်းဒေသကြီးစားသုံးသူရေးရာမှ တာဝန်ရှိသူများ၊ အစားအသောက် နှင့် ဆေးဝါး ကွက်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက နှမ်းရောင်းချသူ တောင်သူအား ဝန်ခံကတိလက်မှတ် ထိုးခိုင်းခဲ့ကြောင်း မကွေးမြို့နယ် ကုန်သည်ကြီးများအသင်းမှ အတွင်းရေးမှူး ဦးဖိုးနီက ပြောသည်။

အဆိုပါ နှမ်းထဲမှ ၉၆ကျပ်သားအား သန့်စင်ရာ ခဲနှင့်နှမ်း ရောနှောနေမှု ၁၂ ကျပ်သား၊ နှမ်းအဖျား၂၄ ကျပ်သား၊ နှမ်း ၅၂ ကျပ်သားနှင့် အလေအလွင့်ရှစ်ကျပ်သား စုစုပေါင်း ၉၆ ကျပ်သားရှိကြောင်း ယင်းနှမ်းထဲတွင် သဲနှင့် ခဲ များပါသင့်သည်ထက်ပိုပါနေသဖြင့် ကုန်စည်ဒိုင်မှ သတိပေး ဝန်ခံကတိထိုးခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တောင်သူဆိုရင်တော့ ဒီလောက်မပါနိုင်ဘူး။ ခဲနဲ့နှမ်းက အရွယ်တူလေးတွေဖြစ်နေတဲ့အတွက် ကုန်စည်ဒိုင်မှာ တင်ပြီး ဆုံးဖြတ်တာပါ။ သီးနှံအရည်အသွေးကို ဦးစားပေးနေတဲ့အချိန်မှာ ဒီလိုကိစ္စမျိုးကို ကုန်စည်ဒိုင် က ခွင့်ပြုဖို့က ခက်ခဲပါတယ်” ဟု ဦးဖိုးနီက ပြောသည်။

တောင်သူများထွက်ရှိသည့် နှမ်း၊ မြေပဲ များကို ပွဲရုံများက သီးနှံအရည်အသွေးအလိုက် ဈေးနှုန်းသတ်မှတ်ပေးပြီး ခဲပါလျှင် ခဲပါသည့်ဈေး၊ နှမ်းအဖျားများပါလာပါကဈေးနှုန်းတစ်မျိုးဖြင့် ပစ္စည်းသန့်ရှင်းမှုနှင့် သီးနှံ အရည်အသွေး အလိုက် ကြိုက်ပေး ကြိုက်ယူစနစ်ဖြင့် ရောင်းချမှုများရှိခဲ့ကြသည်။

နှမ်းစိုက်ပျိုးသည့်လုပ်ငန်းမှာ မြေကြီးနှင့်ဖက်၍လုပ်ကိုင်ရသည့် လုပ်ငန်းဖြစ်ပြီး နှမ်းများ သိမ်းဆည်းရာတွင် လည်း အသိမ်းအဆည်းမတတ်လျှင် ခဲနှင့်သဲများဝင်ရောက်တက်သည့်လုပ်ငန်းဖြစ်သဖြင့် ယာခင်း ထဲတွင် နှမ်းများသိမ်းဆည်းစဉ်က အတတ်နိင်ဆုံး အကောင်းဆုံး သိမ်းဆည်းခဲ့ကြောင်း သို့သော် မြေကြီးနှင့် ဖက်၍ လုပ်ရသည့် လုပ်ငန်း ဖြစ်သောကြောင့် နှမ်းထဲတွင် သဲ နှင့်ခဲများ လုံးလုံးမပါအောင်ဆောင်ရွက်၍မရကြောင်း ယင်းနှမ်းများသည်လည်း ယာခင်းထဲတွင် သိမ်းဆည်းခဲ့သည့်အတိုင်း လာရောင်းခြင်းဖြစ်ကြောင်း နှမ်းနှင့် တူသည့် ခဲများကိုရောနှောခဲ့ခြင်း မဟုတ်ကြောင်း တောင်သူ ဦးမောင်ငြိမ်းကပြောသည်။

“ကျွန်တော်တို့နှစ်စဉ်သီးနှံပေါ်တဲ့အချိန် နှမ်းရောင်းလာတာ ကြိုက်ပေး ကြိုက်ဝယ်အနေနဲ့လုပ်ကြတာပါ။ ကွာလတီဘယ်လောက်ရှိရမယ်။ သဲမပါရဘူး။ ခဲမပါရဘူးဆိုတဲ့ သဘောတူညီချက်တွေမရှိပါဘူး။ ပွဲရုံက ပစ္စည်း ကြည့်ပြီး သူတို့သတ်မှတ်တဲ့ဈေးနဲ့ ရောင်းကြရတာပါ။ အခုဝန်ခံကတိလက်မှတ်ထိုးရတယ်ဆိုတော့ စိတ်ထဲမှာ တော့ တစ်မျိုးကြီးပဲ”ဟု တောင်သူဦးမောင်ငြိမ်းက ပြောသည်။

အဆိုပါဝန်ခံကတိလက်မှတ်တွင် သီးနှံများရောင်းချပါက နောက်ထပ် သဲနှင့်ခဲမပါအောင် ကြိုးစားလုပ်ပေးရမည် ဆိုသည့် အချက်များပါဝင်ပြီး ဝန်ခံကတိကိုချိုးဖောက်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုသည့် အကြောင်းများလည်း ပါရှိကြောင်း သိရသည်။