NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရသော ဆရာတော်အား မဟာဂန္ဓာရုံကျောင်းတိုက်မှ နှင်ထုတ်စာ ထုတ်ပြန်

.

မန္တလေး၊ စက်တင်ဘာ ၂၂ ။             ။ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တပ်မတော်သိက္ခာ ကျဆင်းအောင် ပုတ်ခတ် ရေးသားခဲ့သည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)ကို စက်တင်ဘာလ ၂၅ ရက်၊ယနေ့ ရက်စွဲဖြင့် မဟာဂန္ဓာရုံကျောင်းတိုက်မှ အပပြု (နှင်ထုတ်)ကြောင်း မဟာနာယကဆရာတော်များနှင့် နာယကဆရာတော်များက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်သည်။

ယခုလို ထုတ်ပြန်လိုက်ရခြင်းသည် ကျောင်းတိုက်ဂုဏ်သိက္ခာကို ထိခိုက်အောင်ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု လက်မှတ်ထိုးရာတွင်ပါဝင်သည့် ဆရာတော်များက မိန့်ကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီ ဦးဘသိန်းကျောင်းတွင် သီတင်းသုံးသည့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) သည် လူမှုကွန်ရက် စာမျက်နှာ၌ စက်တင်ဘာလ ၉ ရက်နေ့က" စေတနာတွေ မှန်ကန်ဖို့ လိုပါတယ်" ခေါင်းစဉ်ဖြင့် ၎င်း ၊ 

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏ နောက်တွင် ခြေအတုတပ်ဆင်ထားသော စစ်မှုထမ်းဟောင်း ပုဆိုးဝတ်ပုံအားတင်၍ ပုံ၏အပေါ်တွင်   တပ်မတော်ကိုထိခိုက်စေသည့်စာသားများ ရေးသားခဲ့၍၎င်း ။ စက်တင်ဘာလ ၁၆ရက်နေ့က ဘားအံထောင်မှ အကျဉ်းသား ၄၆ ယောက်ကို ထောင်ဖောက်ပြီး ပြေးသည့်ကိစ္စကိုဝေဖန်ရေးသားခြင်းများ ပြုလုပ်ခဲ့၍၎င်း၊

 ထိုသို့ရေးသားခဲ့သည့်အတွက် ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အား တပ်မတော်နှင့် တပ်မတော်သားများအပေါ် ဂုဏ်သိက္ခာထိခိုက်သည်ဟုဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းသို့ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၄၅၈/၂၀၁၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။