NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အောင်ရဲထွေးအမှုတွင် လာဘ်စားခဲ့သော တိုင်းဥပဒေချုပ်နှင့် တရားရေးဝန်ထမ်းများကို တရားစွဲဆို

.

ဓာတ်ပုံ - သူရ

စက္တင္ဘာ ၂၅ ။        ။ ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုနဲ့ ပတ်သက်ပြီး အမှုရုပ်သိမ်းပေးဖို့အတွက် လာဘ်စား ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပါအဝင် တရားရေးဝန်ထမ်းတွေကို စက်တင်ဘာ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးအပါအဝင် တရားရေးဝန်ထမ်းတွေဟာ အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိသူအဖြစ် စွပ်စွဲခံရသူ သန်းထွဋ်အောင်ရဲ့ အဖေ ဦးခင်မောင်လေးထံကနေ အရက်ပုလင်း နဲ့ ငွေသိန်းရာချီ လာဘ်စားခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့တာဖြစ်တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး  ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးက ကျပ်ငွေ သိန်း ၁၅၀ ၊ Blue Label အရက်ပုလင်းတစ်လုံး၊ အင်္ကျီတစ်ထည် ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်ငွေ သိန်း ၅၀ ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်ငွေ သိန်း ၁၃၀ နဲ့ Gold label အရက်ပုလင်းတစ်လုံး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်ငွေ သိန်း ၃၀ နဲ့ ပါတိတ်လုံခြည်တစ်ထည် ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ နဲ့  ရွှေပေါက္ကံ နယ်မြေစခန်းမှူးရဲအုပ်ချစ်ကိုကိုက ကျပ်ငွေ သိန်း ၃၀  လာဘ်စားခဲ့တာပါ။

ဒီလိုလာဘ်စားခဲ့တာကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ၊ ၅၆ ပုဒ်မနှစ်ခု နဲ့ အရေးယူထားပြီး ကျန်သူတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ သုဝဏ္ဏနယ်မြေရဲစခန်းတွင် စက်တင်ဘာ ၁၃ ရက်နေ့က  အရေးယူထားတာဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ထောင်ဒဏ် ၁၅ နှစ် နဲ့ ငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ ကတော့ ထောင်ဒဏ် ၁၀ နှစ် နဲ့ငွေဒဏ်ချမှတ်နိုင်ပါတယ်။