NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

မင်းပြားမြို့နယ်တွင် လည်ပင်းကြီး(လည်စေ့နာ) ရောဂါကြောင့် ကျွဲအကောင် ၆၀ ကျော်သေဆုံး

.

ဓာတ်ပုံ-Tin Kyi ဖေ့ဘုတ်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။               ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် လည်ပင်းကြီး(လည်စေ့နာ) ရောဂါကြောင့် ကျွဲအကောင်ရေ ၆၀ ကျော်သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ကျွဲများသေဆုံးမှုကို ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ဖြစ်ပွားခဲ့ပြီး ပန်းမြောင်းကြီးချောင်းဖျားရှိ  အိုးပျဉ်ထောင်ကျေးရွာ၊ ရွှေကျင်ကျေးရွာနှင့် ရွာတိုက်ကျေးရွာတို့တွင် အဓိကဖြစ်ပွားနေခြင်း လည်းဖြစ် သည်။

ယင်းဖြစ်စဉ်ကြောင့် စက်တင်ဘာ ၂၄ ရက်နေ့တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မွေးမြူရေးဌာနမှ လာရောက်စစ်ဆေးခဲ့ပြီးနောက် လည်ပင်းကြီး(လည်စေ့နာ) ရောဂါကြောင့် ကျွဲများသေဆုံးရခြင်းဟု ဒေသခံများကိုပြောကြားခဲ့ကြောင်း ရွှေကျင်ကျေးရွာမှ ဒေသခံ ကိုကိုဦးကပြောသည်။

“ နောက်ဆုံးသေတာ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ ၂၇ ကောင်၊ အစုလိုက် ဟိုမှာ တစ်ကောင် နှစ်ကောင် သေတာပါ။ စိုက်ပျိုးရေးကတော့ ဘာမှမပြောသွားဘူး။ မြို့နယ်ကလူကြီးလဲ ဘာမှ လုပ်မပေးဘူး”ဟု ၄င်းက ဆိုသည်။

အဆိုပါ ကျေးရွာများတစ်ဝိုက်တွင် ကျွဲ၊ နွားစားကျက်ကွင်းများ မရှိသောကြောင့် ဒေသခံများသည် လယ်ယာထွန်ယက်ပြီးချိန်တွင် ကျွဲများကို တောင်ပေါ်၌ လွှတ်မွေးထားကြရပြီး ယခုကဲ့သို့ ကျွဲများ သေဆုံးမှုများကြောင့် စိုက်ပျိုးရေးအတွက် အခက်ကြုံနေရသည်ဟု ဒေသခံများကဆိုသည်။

 “ လွန်ခဲ့တဲ့ဇူလိုင်လကတည်းကဖြစ်တဲ့ကိစ္စ အစုလိုက်အပြုံလိုက်သေတာ။ ဒါပေမယ့် အခုဒီလထဲမှာ ဖြစ်တာတော့ လယ်တွေ၊ ယာတွေလုပ်ငန်း တွေရှိလို့ တောင်ပေါ်တက်တဲ့အခါ တောင်ပေါ်မှာ ၁၂ ကောင်လောက်တော့သေသွားတာရှိတယ်” ဟု မင်းပြားမြို့နယ် မဲဆန္ဒနယ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်း မရှိသေးသော ကြောင့် ရောဂါဆက်မဖြစ်ပွားစေရန် ထိန်းချုပ်ပေးစေလိုကြောင်းလည်း ဒေသခံများကဆိုသည်။