NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

တောင်အမေရိကအခြေစိုက် ဘိုလီးဗီးယားအသင်းနှင့် ပထမဆုံးအကြိမ် ခြေစမ်းမည့် မြန်မာဘောလုံးအသင်း

.

ဓာတ်ပုံ - Myanmar Football Federation

ရန်ကုန်။ စက်တင်ဘာ ၂၅ ။             ။ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးသော သမိုင်းဝင်ခြေစမ်းပွဲအဖြစ် မြန်မာဘောလုံးအသင်းနှင့် တောင်အမေရိကတိုက်အခြေစိုက် ဘိုလီးဗီးယားဘောလုံးအသင်းတို့ ခြေစမ်းပွဲကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက်ပြင်ဆင်နေပြီး အောက် တိုဘာ ၁၃ ရက်၊ ညနေ ၆း၀၀ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ ဘိုလီးဗီးယား အသင်း နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်နေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် ဘိုလီဗီးယား ဘောလုံးအဖွဲ့ချုပ်တို့သည် ခြေစမ်းပွဲ ဖြစ်မြောက်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၊ တောင်အမေရိကဘောလုံး အဖွဲ့ချုပ် (CONMEBOL)၊ အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) တို့နှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုပွဲစဉ်ဖြစ်မြောက်လာပါက မြန်မာ့ဘောလုံးသမိုင်းတွင် တောင်အမေရိက လက်ရွေးစင်ဘောလုံး အသင်းတစ်သင်းနှင့် ခြေစမ်းနိုင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လာမည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် က သတင်းထုတ်ပြန်ခဲ့သည်။

ဘိုလီးဗီးယားလက်ရွေးစင်အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် ၅၈ တွင် ရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀၊ ၁၉၅၀ နှင့် ၁၉၉၄ တို့တွင် သုံးကြိမ် ကစားဖူးသည့် အသင်းလည်း ဖြစ်သည်။ထို့အပြင် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် တောင်အမေရိကဇုန်ပွဲစဉ်များ ယှဉ်ပြိုင်ကစားစဉ် အိမ်ကွင်း၌ အာဂျင်တီးနား၊ ချီလီ၊ ပါရာဂွေး စသည့် အသင်းများကို အနိုင်ကစားပြီး ဘရာဇီးကို ဂိုးမရှိ သရေ ကျအောင်ကစားနိုင်ခဲ့သည့် အသင်းလည်း ဖြစ်သည်။ ကမ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံများအနက် ဘိုလီဗီးယားအသင်းသည် အိမ်ကွင်းမာကျောသည့် အသင်းဖြစ်ပြီး ထိပ်သီးအသင်းများကိုပင် အနိုင် ကစားထားခဲ့သည့် မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသည်။

ဘိုလီးဗီးယားလက်ရွေးစင် အသင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်တွင် အာရှထိပ်သီး ဆော်ဒီအာရေဗျအသင်းနှင့် ခြေစမ်းခဲ့ပြီး နှစ်ဂိုးစီ သရေကျခဲ့ကာ အောက်တိုဘာ ၁၆ တွင် အီရန်နှင့် ဆက်လက် ခြေစမ်းဦးမည်ဟု သိရသည်။

အဆိုပါ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးများမှာ အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ရုပ်သံလိုင်းအချို့တို့မှလည်း တိုက်ရိုက်ပြသနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဟုသိရသည်။