အောင်ရဲထွေးသေဆုံးမှုတွင် လာဘ်စားခဲ့သော တိုင်းဥပဒေချုပ်နှင့် တရားရေးဝန်ထမ်းများကို တရားစွဲတင်ရန် ပြင်ဆင်နေ

.

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ။                     ။ ဟာသသရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုအား အမှုရုပ်သိမ်းပေးရန် အတွက် လာဘ်စားဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်း ဥပဒေချုပ်အပါအဝင် တရားရေးဝန်ထမ်းများကို တရားစွဲတင်ရန်ပြင်ဆင်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက မဇ္ဈိမသို့ ပြောသည်။

“လောလောဆယ်တော့ တရားစွဲတင်တဲ့ကိစ္စလုပ်တုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ နောက်ပြီးတော့မှ တရားစွဲတင်ပြီးသွားရင်တော့ သတင်းထုတ်ပြန်ပေးပါမယ်။ အမြန်ဆုံးတော့ လုပ်ဆောင်နေပါတယ်။ ပြီးပြီ ဆိုတာနဲ့ သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်အပါအဝင် တရားရေးဝန်ထမ်းများသည် ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး သံသယရှိသူအဖြစ် စွပ်စွဲခံရသူ သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် ၃ ဦးထံမှ အရက်ပုလင်းနှင့် သိန်းရာချီ လာဘ်စားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးသည် ကျပ်ငွေ သိန်း ၁၅၀ ၊ Blue Label အရက်ပုလင်းတစ်လုံးနှင့်  အင်္ကျီတစ်ထည် ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်သည် ကျပ်ငွေ သိန်း ၅၀ ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်ငွေ သိန်း ၁၃၀ နှင့် Gold label အရက်ပုလင်း တစ်လုံး ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှ ကျပ်ငွေ သိန်း ၃၀ နှင့် ပါတိတ်လုံခြည် တစ်ထည် ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ ၊  ရွှေပေါက္ကံ နယ်မြေစခန်းမှူးရဲအုပ်ချစ်ကိုကိုက ကျပ်ငွေ သိန်း ၃၀ ကို စွပ်စွဲခံရသူ သန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ ရယူခဲ့ခြင်းလည်းဖြစ်သည်။

ယင်းကိစ္စကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အပါအ၀င် ပါဝင်ပတ်သက်သူ ၆ ဦးကို အမှုဖွင့်အရေးယူလိုက်ကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ၊ ၅၆ ပုဒ်မနှစ်ခုဖြင့် အရေးယူထားပြီး ကျန်သူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်  သုဝဏ္ဏနယ်မြေရဲစခန်းတွင် စက်တင်ဘာ ၁၃ ရက်နေ့က  အရေးယူထားခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ သည် ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ သည် ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ်ချမှတ်နိုင်သည်။