NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

အကြီးစားစက်ပစ္စည်းကိရိယာများ ငှားရမ်းမှုကို Yoma Fleet နှင့် MSP CATတို့ ပူးပေါင်းလုပ်ဆောင်မည်

.

ဓာတ်ပုံ-Yoma Strategic

စက်တင်ဘာ ၂၄ ။        ။ မော်တော်ကားများနှင့် အကြီးစား စက်ပစ္စည်းကိရိယာများ ငှားရမ်းမှုကဏ္ဍအတွက် Yoma Fleet နှင့် Myan Shwe Pyi Tractors Limited (MSP CAT) တို့ မိတ်ဖက်အဖြစ် ပူးပေါင်းလုပ်ကိုင်သွားရန် သဘောတူညီခဲ့ကြ ကြောင်း စက်တင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။

MSP CAT သည် Caterpillar  အမှတ်တံဆိပ် အကြီးစားစက်ပစ္စည်းကိရိယာ၏ ရောင်းဝယ်ခွင့်ကို မြန်မာနိုင်ငံ တွင် မူပိုင်ရရှိထားခြင်းဖြစ်ပြီး သဘောတူညီချက်အရ MSP CAT ၏ လက်လီနှင့် ငှားရမ်းမှု စီးပွားရေး လုပ်ငန်းများကို Yoma Strategic ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Yoma Fleet နှင့် ပူးပေါင်းလုပ်ကိုင် သွားမည်ဟု Yoma Strategic မှ ထုတ်ပြန်သည်။

Caterpillar စက်ယန္တရားပေါင်း ၆၃ ခု အပါအ၀င် အကြီးစား စက်ပစ္စည်းကိရိယာ ၇၁ ခု ပါဝင်သည့် MSP CAT ၏ စက်ပစ္စည်းအငှားလုပ်ငန်းကို Yoma Fleet မှ ရှေးဦးစွာ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇ သန်းနီးပါး အသုံးပြု၍ ဘဏ္ဍာရေး ထောက်ပံ့သွားမည်ဟု သိရသည်။

 “ ယခုမိတ်ဖက်မှုကြောင့် ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးသုံး ပစ္စည်းကိရိယာများနှင့် အကြီးစားစက်ယန္တရားများအတွက် ပထမဦးဆုံးငွေကြေးထောက်ပံ့ပေးသူ ဖြစ်လာသည်။ သမိုင်းတလျှောက် တွင် အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေးကဏ္ဍများအတွက် စက်မှုလုပ်ငန်းအသွင်ကူးပြောင်းရာတွင် ဘဏ္ဍာရေး အလုံအလောက်မရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသော အဓိကအရာဖြစ်သည်” ဟု Yoma Strategic ၏ အမှုဆောင် အရာရှိချုပ် Mr Melvyn Pun က ပြောသည်။

MSP CAT သည် Caterpillar ၏ ရောင်းဝယ်ခွင့်မူပိုင် ရရှိထားခြင်းကြောင့် အခြေခံအဆောက်အအုံနှင့် ဆောက်လုပ်ရေးကဏ္ဍများအတွက် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ လာမည့်နှစ်များတွင် စက်ပစ္စည်းကိရိယာ ငှားရမ်းမှုလိုအပ်ချက်များ များစွာ လိုအပ်လာမည် ဖြစ်သည်ဟု ယင်းကုမ္ပဏီများမှ ခန့်မှန်းထားကြသည့်အတွက် ပူးပေါင်းလုပ်ကိုင်ကြခြင်း ဖြစ်သည်ဟု သိရသည်။

 “ Yoma Strategic နှင့် MSP CAT တို့၏ မဟာဗျူဟာမြောက် မိတ်ဖက်မှုဖြင့် ကျွန်တော်တို့ ဖောက်သည်များ၏ စီးပွားရေး တိုးတက်အောင် ပံ့ပိုးကူညီခြင်းသည် ၎င်းတို့၏ တောင်းဆိုမှု စကားသံများအပေါ် တုံ့ပြန် ဖြည့်ဆည်းလိုက်ခြင်းပင်ဖြစ်သည်” ဟု MSP CAT ၏ ဥက္ကဌ နှင့် အမှုဆောင် အရာရှိချုပ် ဦးခင်မောင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရ၏ မူဝါဒအရ လက်ရှိတွင် များစွာသော အခြေခံအဆောက်အအုံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းများတွင် ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်းများ၊ အထူးစက်မှုဇုန်များ နှင့် ရှိရင်းစွဲ သယ်ယူပို့ဆောင်ရေးကွန်ယက်အား အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်နေသည်။

နိုင်ငံ၏ ပို့ဆောင်ဆက်သွယ်ရေး Master Plan အရ မြန်မာနိုင်ငံအစိုးရသည် ၂၀၃၀ ခုနှစ်တွင် အပြီးလုပ်ဆောင် မည့် ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်းနှင့် လေကြောင်းပို့ဆောင်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၁.၄ ဘီလီယံအထိ သုံးစွဲရန် သတ်မှတ်ထားသည်။